ကာတာလို အာရှတိုက် ကိုယ်စားပြု နိုင်ငံတစ်နိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မကျင်းပခင်က ဂျပန်နဲ့ တောင်ကိုရီးယားအသင်းတို့က ကမ္ဘာ့ဖလားကို ကျင်းပခဲ့ရာ အဲ့ဒီပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် ကာဖူးတို့ ဦးဆောင်တဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၀၂ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ ဘရာဇီးလ်က ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့တာ အနှစ်(၂၀)ပင် ရှိခဲ့ပြီဖြစ်ပါတယ်။
Photo Credit : Daily Mail
ဘောလုံးသမားကောင်းတွေကို အစဉ်တစိုက် မွေးထုတ်နိုင်တဲ့ ကမ္ဘာ့အင်အားကြီး ဘောလုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ဘယ်ပြိုင်ပွဲမှာမဆို ဗိုလ်စွဲဖို့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းဖြစ်ပေမယ့် ၂၀၀၂ခုနှစ်နောက်ပိုင်းမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဗိုလ်လုပွဲအဆင့်ထိတောင် မရောက်ရှိနိုင်တော့ပဲ ဆီမီးဖိုင်နယ်အဆင့်လောက်သာ အမြင့်ဆုံးအဖြစ် တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ဂျာမနီအသင်းကို (1-7)ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။
Photo Credit : Daily Mail
အခုတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို အာရှမြေမှာ နောက်ဆုံးအကြိမ်အဖြစ် ရယူထားနိုင်ခဲ့တဲ့ ဘရာဇီးလ်ဟာ အနှစ်(၂၀)ကြာပြီးနောက် နောက်ထပ် အာရှမြေပေါ်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ကာဖူးက ယုံကြည်နေပါတယ်။ ကာဖူးက “ဒီနှစ်မှာ ဘရာဇီးလ်က အောင်ပွဲခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခု လက်ရှိအသင်းက ၂၀၀၂ခုနှစ်နောက်ပိုင်း အတောင့်တင်းဆုံး အသင်းဖြစ်နေသလို အသင်းကလည်း နေမာတစ်ဦးတည်းပဲ မှီခိုနေတဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး။ အခုအသင်းက တိုက်စစ် ကွင်းလယ် ခံစစ် နယ်ပယ်အားလုံးမှာ အားကောင်းနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ကမ္ဘာ့ဖလားကို မဆွတ်ခူးတာအပြင် ဖိုင်နယ်အဆင့်ကိုတောင် မရောက်ရှိနိုင်ခဲ့တာက ဘရာဇီးလ်အတွက်တော့ အရမ်းများပါတယ်။ ဒါကို ကာတာမှာ အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘရာဇီးလ်က အခြားအသင်းတိုင်းထက် သာလွန်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားလည်း အလွန် တောင့်တင်းနေတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ ကစားတာ အလွန်ကောင်းသလို မက်ဆီကလည်း ပါရမီရှင်တစ်ဦးပါ။ ပြင်သစ်ကလည်း လွန်ခဲ့တဲ့ (၄)နှစ်က ချန်ပီယံ ဖြစ်ထားခဲ့ဖူးတယ်။ ဒီ(၃)သင်းပဲ ရေပန်းစားနေမယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောဆိုလိုက်ပါတယ်။