အင်တာမီလန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အင်တာအသင်းအတွက် ပွဲကစားခွင့်တွေ နည်းပါးလွန်းနေပြီး စီးရီးအေမှာရော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာပါ တစ်ခါမှကို ပွဲချိန်ပြည့်မကစားရပဲ ရှိနေရပါတယ်။ အဲရစ်ဆင်ရဲ့ခြေစွမ်းတွေကိုလည်း အင်တာနည်းပြ အန်တိုနီယိုကွန်တီက အားရမှုမရှိတာကြောင့် အသင်းရဲ့ နောက်ပိုင်းကစားခဲ့ရတဲ့ (၂)ပွဲဆက်တိုက်မှာ ချန်လှပ်ထားခဲ့ရသလို ဒီအခြေအနေတွေကိုလည်း အဲရစ်ဆင်က မနှစ်သက်တော့တာကြောင့် လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မနှစ်က ဘောလုံးရာသီ ဆောင်းစျေးကွက်ကမှ စပါးကနေ အင်တာမီလန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့အသင်းသစ်မှာ မြန်မြန်အသားကျနိုင်ဖို့နဲ့ စပါးမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေအတိုင်း ခြေစွမ်းပြနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အင်တာနည်းပြကွန်တီက သူရဲ့ကစားဟန်ကို သိပ်အားရခြင်းမရှိလို့ ပွဲကစားခွင့်တွေ သိပ်မပေးတော့ပဲ မိနစ်အနည်းငယ်သာ ပါဝင်ကစားပါတယ်။ ဒီလို အခြေအနေတွေနဲ့ပတ်သက်ပြီး အဲရစ်ဆင်က “ဒါက ကျွန်တော်တွေးတောထားတာမျိုးတော့ မဟုတ်ပါဘူး”

Photo Credit : Sempreinter

“ဘောလုံးသမားတိုင်းကတော့ ဖြစ်နိုင်သလောက် ပွဲများများ ကစားချင်နေကြတာပါ။ ဒါပေမယ့် အသင်းနည်းပြတွေက ဘယ်ကစားသမားက ပွဲကစားခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ချက်ချတာပါ။ အခုအခြေအနေက အရမ်းကို ထူးဆန်းနေပါတယ်။ အင်တာပရိသတ်တွေက ကျွန်တော်ကစားတာကို အတော်လေးကို မြင်တွေ့ချင်နေကြပေမယ့် နည်းပြကတော့ ခြားနားတဲ့ အတွေးအမြင်ပဲ ရှိနေပါတယ်။ ဒါကိုတော့ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်လေးစားမှုရှိပါတယ်။ လက်ရှိမှာ ကျွန်တော်ရဲ့ ဘောလုံးကစားခွင့်ကိုပဲ အာရုံစိုက်ထားပါတယ်။ အပြောင်းအရွှေ့ ပြန်လည်ဖွင့်လှစ်ချိန်မှာ တစ်ခုခု ဖြစ်လာနိုင်သလားဆိုတာကိုတော့ ကျွန်တော်တို့တွေ စောင့်ကြည့်ရမှာပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင်ရဲ့အနာဂတ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာကတည်းက လှုပ်ခတ်နေခဲ့တာဖြစ်ပြီး အသင်းဟောင်းစပါးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း စပါးကတော့ သူ့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ အင်တာဘက်ကလည်း သူ့ကို ဆောင်းစျေးကွက်မှာ အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိလို့နေပြီး အဲရစ်ဆင်ကလည်း သူ့ကို ပုံမှန်ပေးနိုင်တဲ့ ကလပ်အသင်းတစ်ခုဆီ ပြောင်းရွှေ့သွားနိုင်ပါတယ်။ ဒါကြောင့် အဲရစ်ဆင်ရဲ့အသင်းသစ်က ဘယ်အသင်း ဖြစ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းလို့နေပါတယ်။