ဒီနေ့ည တစ်နာရီခွဲအချိန်မှာတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာ တစ်ကြိမ်တစ်ခါမှ အောင်မြင်မှုမရယူနိုင်ခဲ့ဖူးသေးတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ပထမဆုံးသော ချန်ပီယံလိဂ်လိဂ်ဖလားကြီးကို ပိုင်ဆိုင်ရနိုင်ဖို့က လက်တစ်ကမ်းအကွာပဲ လိုအပ်နေသလို အသင်းရဲ့တိုက်စစ်မှူးကီလီယန်အမ်ဘာပေကလည်း အသင်းနဲ့အတူ ဒီလိုအောင်မြင်မှုကြီးတွေ အရယူဆောင်သွားဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ကြံုးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : AS English

အသက်(၂၁)အရွှယ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဘာပေဟာ ပီအက်စ်ဂျီအသင်းကို လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ရောက်ရှိလာတာဖြစ်ပြီး အသင်းနဲ့အတူ ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဖလားကြီးကို ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ဖို့က နီးစပ်လို့နေပြီဖြစ်ပါတယ်။ အခုလို ဥရောပရဲ့အမြင့်မားဖလားတစ်လုံးနဲ့ လက်တစ်ကမ်းအကွာကို ရောက်လာခဲ့တဲ့ ဘာပေက”ဒါက ကျွန်တော်ဒီအသင်းကို ရောက်ရှိလာခဲ့ရတဲ့ အဓိက အကြောင်းပြချက်တစ်ခုပါပဲ။ ကျွန်တော်အမြဲတမ်းပြောပါတယ်။ ပြင်သစ်ဘောလုံးသမိုင်းကြောင်းကို ကောင်းမွန်အောင် လုပ်ဆောင်ပေးချင်တယ်ဆိုတာကို”

Photo Credit : Goal

“ဒီနေ့ညမှာပဲ ကျွန်တော်အကောင်အထည်ဖော်ဖို့ အခွင့်အရေးရလာခဲ့ပြီ။ ကျွန်တော် ၂၀၁၇ခုနှစ်က ဒီအသင်းကိုရောက်တုန်း အသင်းက ခက်ခဲမှုလေးတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့တွေ ဖိုင်နယ်ကို ရောက်သွားခဲ့ပါပြီ။ ဒါက ကျွန်တော်တို့တွေ လုံးဝကို အရှံးမပေးဘူးဆိုတဲ့ စိတ်ဓါတ်ကို ပြသလိုက်တာပါပဲ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့လို ပြင်သစ်ကလပ်တစ်သင်းက ဗိုလ်စွဲလိုက်ပြီဆိုရင် အရမ်းကို ခမ်းနားတဲ့အောင်ပွဲ ဖြစ်သွားမှာပါ။ အဲ့ဒါတွေကြောင့်ပဲ ကျွန်တော်ပီအက်စ်ဂျီကို ရောက်လာခဲ့ရတာပါ။ ပရိသတ်တွေမပါဝင်ပဲ ကွင်းပိတ်ကျင်းပရတယ်ဆိုတာ အရမ်းခက်ခဲပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်လို ပွဲကြီးမျိူးမှာဆိုရင် ပရိသတ်တွေနဲ့အတူ ကျွန်တော်တို့ ကျင်းပချင်တာပါ။ ဒါပေမယ့် ပရိသတ်အားလုံးက ကျွန်တော်တို့ကို အားပေးနေကြမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဆက်လက်ပြီး ဘာပေက သူရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ကိုလည်း “အရင်ရက်တွေထက်စာရင် ပိုကောင်းလာတယ်လို့ ခံစားရပါတယ်။ ကျွန်တော် အဆင်ပြေနေပါပြီ။ ပွဲတွေအနည်းငယ် ပါဝင်ကစားခဲ့တာက ကျွန်တော့်ကို ဖိုင်နယ်ပွဲအတွက် ပြင်ဆင်မှုလေးအထိ ဖြစ်လာအောင် ကူညီလိုက်သလိုပါပဲ။ ဘိုင်ယန်ဆိုတာက တကယ့်ကို အသင်းကောင်းတစ်သင်းဆိုပေမယ့် သူတို့မှာလည်း အားနည်းချက်ဆိုတာတော့ ရှိနေမှာပဲလေ။ ကျွန်တော်တို့ အကြိတ်အနယ်ကစားပြီး အောင်ပွဲအတွက် တိုက်ပွဲဝင်သွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။