မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဂျီနိုအာအသင်းတို့ရဲ့ အီတလီ စီးရီးအေပွဲစဉ်မှာ အိမ်ရှင်ရိုးမားအသင်းက ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပို တစ်မိနစ်အတွင်းမှာပဲ ကွင်းလယ်လူ ဇန်နီအိုလိုရဲ့ အဖိုးတန်သွင်းဂိုးနဲ့ နိုင်ပွဲရယူဖို့ အကြောင်းဖန်လာခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဒီဂိုးကို VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ရာ သွင်းဂိုးမရခင်စပ်ကြားမှာ အေဘရာဟမ်က ပြိုင်ဘက်ကစားသမားအပေါ် ကစားပုံ ကြမ်းခဲ့တယ်ဆိုပြီး သတ်မှတ်ခဲ့သလို ရိုးမားရဲ့ သွင်းဂိုးကိုလည်း ပယ်ဖျက်သွားခဲ့တာကြောင့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Mourinho Ends 100th Serie A Match Against Genoa In... - AllNews Nigeria

Photo Credit : All News Nigeria

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ခဲ့ရတဲ့ ရိုးမား ကွင်းလယ်ကစားသမား ဇန်နီအိုလိုက ဒိုင်ကို စောဒကတတ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ရာ ဒိုင်က ဇန်နီအိုလိုကိုပါ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်သွားခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးတွေက ချမှတ်သွားခဲ့တာကြောင့် ဘောလုံးအားကစားက အရင်ကလို တူညီတဲ့ အားကစားမျိုး မဟုတ်တော့ဘူး ဆိုတာကို သက်သေပြသွားနိုင်ခဲ့တယ်လို့ ရိုးမားနည်းပြ ဂျိုဆေးမော်ရင်ဟို ပြစ်တင်ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ပွဲတာဝန်ရှိသူများက သူတို့အသင်းကို သေးငယ်တဲ့ ကလပ်အသင်းလို့ ယူဆထားပုံရတယ်လို့လည်း မော်ရင်ဟိုက စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Zella News

ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ အားကစားဟာ လူတွေနှစ်သက်တဲ့ အားကစားတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ ဒါက ပြောင်းလဲသွားခဲ့တယ်။ ဒါက မတူညီတဲ့ အားကစားတစ်ခုလိုပါပဲ။ မတူကွဲပြားတဲ့ အားကစားတစ်ခုပါ။ ဒါကို(အေဘရာဟမ် ပြိုင်ဘက်ကစားသမား ခြေထောက်ကို ရည်ရွှယ်ချက်မပါပဲ တတ်နင်းခဲ့တဲ့ဖြစ်စဉ်) ပြစ်ဒဏ်တစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုရင် ဒါ ဘောလုံးအားကစား မဟုတ်တော့ဘူး။ အဲ့ဒါကို တခြားအရာလို့ ပြောင်းလဲခေါ်ဆိုရပါတော့မယ်။ တခြား မတူကွဲပြားတဲ့ နာမည်တစ်ခု ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါက လုံးဝခြားနားတဲ့ အားကစားတစ်ခု ဖြစ်နေရလို့ပါ။ ဒိုင်လူကြီးအနေနဲ့ အမှားတစ်ခု ကျူးလွန်မိပြီး သွင်းဂိုးကို ခွင့်မပြုပေးခဲ့ဘူးဆိုရင် ပထမဆုံး စိတ်ပျက်မှုနဲ့ ရင်ဆိုင်ရမှာက အမှားလုပ်မိတဲ့သူ ကိုယ်တိုင်ပါပဲ။ ရိုးမားအသင်းအနေနဲ့ ဒီရာသီထဲ ဒီလိုကိစ္စရပ်တွေက အကြိမ်ပေါင်းများစွာကို တွေ့ကြုံထားခဲ့ရပြီးပါပြီ။ နောက်ပြောစရာတစ်ခုလည်း ရှိနေပါတယ်။ ပွဲတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိကြတဲ့ သူတွေရဲ့အမြင်မှာ ရိုးမားဆိုတာကို ခပ်သေးသေး အသင်းလေးလို့ ထင်မှတ်နေကြတာလည်း ဖြစ်နိုင်ပါတယ်” လို့ မှတ်ချက်ပြု ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး Top(4) အတွင်း ဝင်ရောက်နိုင်ဖို့ ခက်ခဲလို့နေပါတယ်။