မန်ချက်စတာစီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်းဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် ဘယ်ကစားသမားကမှ မလုပ်ဆောင်နိုင်ဖူးသေးတဲ့ တစ်ပွဲတည်း (၆)ဂိုး သွင်းယူနိုင်မှုကို စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် legend player ဟောင်းကြီး သီယာရီအွန်နရီက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Henry has also backed Haaland to score 50 goals across all competitions while at Man City

Photo Credit : Daily Mail

အန်ဒီကိုး အလန်ရှီးယား ဂျာမိန်းဒီဖိုး ဒီမီတာဘာဘာတော့နဲ့ ဆာဂျီယိုအဂွဲရိုးတို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကစားသမားဟောင်းကြီးတွေဟာ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းကို (၅)ဂိုးစီ သွင်းယူထားနိုင်သူတွေအဖြစ် စံချိန်တင်ထားခဲ့ပေမယ့် တစ်ပွဲတည်း (၆)ဂိုးနဲ့အထက် သွင်းယူနိုင်သူကတော့ ခုထိကို မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လုံးဝ မရှိသေးတဲ့ စံချိန်တစ်ခုကို ဒီရာသီ မန်စီးတီးအသင်းအတွက် ဂိုးမြူးနေသူ နော်ဝေဂိုးသွင်းစက် ဟာလန်းက ရအောင် စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ အာဆင်နယ် legend ကြီး အွန်နရီက သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဟာလန်းနဲ့ ပတ်သတ်ပြီး အွန်နရီက “သူက old-school တိုက်စစ်မှူးတွေထဲကမှ ပုံစံအသစ်မျိုးနဲ့ တိုက်စစ်ကစားသမားတစ်ဦးပါ။ သူ လုပ်နေတာက အလုပ်တစ်ခု ကျွမ်းကျင်မှုတစ်ခု အသက်မွေးဝမ်းကြောင်းတစ်ခု။ သူ လိုချင်တဲ့ တစ်ခုတည်းသော အရာက ဂိုးတွေ သွင်းယူပြီး မန်စီးတီးအသင်းမှာ သူ ကစားနေစဉ်အတွင်းမှာတော့ (၆)ဂိုးလုံး တစ်ပွဲတည်းမှာ သွင်းယူတာမျိုးကို သူ လုပ်လာနိုင်ပါလိမ့်မယ်။ ဒီလို အခွင့်အရေးမျိုးကိုလည်း မန်စီးတီးအသင်းဘက်က ဖန်တီးပေးနိုင်ပါလိမ့်မယ်။ တစ်ရာသီလုံးမှာ သူ ဂိုး(၅၀) သွင်းနိုင်မလားဆိုတော့ အမှတ်ပေးလိဂ်တစ်ခုလုံးမှာ မသွင်းနိုင်ရင်တောင်မှ ပြိုင်ပွဲစုံမှာ သွင်းနိုင်ပါလိမ့်မယ်” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ ဒီနှစ်နွေကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဟာလန်းဟာ သူရဲ့ ပွဲဦးထွက်ရာသီမှာပဲ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၂၃)ဂိုးအထိ သွင်းယူထားခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း (၁၈)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက်(၂၂)နှစ်သားဟာ ပရီးမီးယားလိဂ်ကို စတင် ရောက်ရှိချိန်မှာပဲ ပြိုင်ပွဲရဲ့ စံချိန်တွေကိုပါ ရိုက်ချိုးထားနိုင်သလို ပြီးခဲ့တဲ့ရာသီက ပူးတွဲ ရွှေဖိနပ်ဆုရှင်တွေ ဖြစ်ခဲ့တဲ့ ဆာလာနဲ့ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုး (၂၃)ဂိုးကို လိုက်မီနိုင်ဖို့တောင် (၅)ဂိုးသာ လိုအပ်နေပါတော့တယ်။