ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကတော့ လာမယ့်နှစ်မှာ သူရဲ့ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ရာ သီယာဂိုဘက်ကနေ ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်းမရှိပဲ အသင်းကနေသာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဂျာမန်အားကစားမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့သလို သူ့ကို ခေါ်ယူဖို့လည်း လီဗာပူးလ်အသင်းဘက်ကနေ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Bavarian Football Wars

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ ၂၀၁၃ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံဆုကို (၇)ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ သီယာဂိုက လာမယ့် ၂၀၂၁ခုနှစ်မှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဘိုင်ယန်ဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သီယာဂိုကိုယ်တိုင်က သက်တမ်းမတိုးချင်တော့ပဲ ဘိုင်ယန်ကနေ ထွက်ခွာဖို့ကိုသာ ဆုံးဖြတ်ထားတယ်လို့ Sport Blid သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Be Soccer

ဘိုင်ယန်အသင်းနဲ့ (၇)နှစ်တာလောက်အထိကို ဖြတ်သန်းခဲ့တဲ့ သီယာဂိုဟာ သူရဲ့ကစားသမားဘဝကို ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကျင်လည်ခဲ့ပြီးနောက် ကစားသမားဘဝ ဆုံးခန်းမတိုင်ခင် နောက်ထပ် ပုံရိပ်မြင့်မားတဲ့ ကလပ်အသင်းတစ်သင်းဆီကို ထပ်မံပြောင်းရွှေ့ချင်နေတာဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို သီယာဂိုကို လီဗာပူးလ်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ လယ်လာနာ ချိန်ဘာလိန်တို့ကို ရောင်းချဖို့ရှိနေတဲ့အပြင် ကီတာရဲ့ခြေစွမ်းပိုင်းကိုလည်း နှစ်သက်ခြင်းမရှိသလို အဓိက ကွင်းလယ်လူတစ်ယောက်လို့ သတ်မှတ်ရမယ့် ဝိုင်နယ်ဒန်ကလည်း အခုချိန်ကို အသင်းနဲ့ သက်တမ်းမတိုးသေးတာကြောင့် ဥရောပအတွေ့အကြုံကောင်းတွေရှိနေတဲ့ သီယာဂိုကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကိုယ်တိုင်ကလည်း သီယာဂိုကို သဘောကျတဲ့သူဖြစ်နေတဲ့အပြင် အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့တဲ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)လောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။