ပီအက်စ်ဂျီအသင်းရဲ့အသင်းခေါင်းဆောင် ဝါရင့်ဘရာဇီးနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားကတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ပါဝင်ဆင်နွဲခဲ့ပြီးနောက်မှာ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးခဲ့ပြီဖြစ်လို့ အသင်းနဲ့ လမ်းခွဲရတော့မှာဖြစ်တာကြာင့် အသင်းသစ်တစ်သင်းကို ရှာဖွေလျက်ရှိနေရာ လက်ရှိအချိန်မှာ သူ့ကို ချယ်လ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့က အလွန်ကို နီးစပ်နေပြီဖြစ်ကာ မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ်ဖြစ်လာတော့မယ်လို့ သတင်းမီဒီယာတွေကနေလည်း ဖော်ပြလျက်ရှိနေပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင် ဗဟိုနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားဟာ အေစီမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာပြီးနောက် အသင်းနဲ့အတူ (၈)နှစ်အထိ ပါဝင်ကစားခဲ့ပြီး သူရဲ့နောက်ဆုံးဘောလုံးရာသီမှာ အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရသလို သူရဲ့စာချုပ်သက်တမ်းကလည်း ကုန်ုဆုံးသွားပြီဖြစ်လို့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အသင်းသစ်တစ်သင်းဆီကို ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

Photo Credit : Football.London

သီယာဂိုဆေးဗားလို ဥရောပအတွေ့အကြုံရင့် နောက်ခံလူတစ်ယောက်ကို ကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး သူရဲ့မွေးရပ်မြေဘရာဇီးက ကလပ်အသင်းများစွာကနေလည်း ပစ်မှတ်ထားနေခဲ့တာဖြစ်ပေမယ့်လည်း ဆေးဗားက ဥရောပမှာပဲ ဆက်လက်ကစားချင်နေသေးတာကြောင့် ဘရာဇီးကလပ်အသင်းတွေရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ကမ်းလှမ်းချက်ကိုပဲ လက်ခံခဲ့တယ်လို့ သတင်းဌာနများစွာကနေ ဖော်ပြလာခဲ့ပါတယ်။ သတင်းတွေထဲမှာတော့ ချယ်လ်ဆီးဘက်ကနေ ဆေးဗားအတွက် စာချုပ်သက်တမ်း ဘယ်လောက်ချုပ်မလဲနဲ့ တစ်ပတ်လုပ်ခ ဘယ်လောက်အထိ ပေးချေသွားမလဲဆိုတာကို ဖော်ပြထားခြင်းမရှိပေမယ့် အသက်(၃၅)နှစ်အရွှယ်ရှိ ကစားသမားကိုတော့ တစ်နှစ်သက်တမ်းလောက်နဲ့သာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာနဲ့ အေဂျက်စ်အသင်းရဲ့မော်ရိုကို ကွင်းလယ်တိုက်စစ်ကစားသမား ဟာကင်ဇီယက်ရှ်တို့ကို ခေါ်ယူထားခဲ့ပြီး လက်စတာဘယ်နောက်ခံကစားသမား ဆေးဗားအပြင် ဘင်ချီဝဲလ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။