ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က ချန်ပီယံလိဂ် အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားရဲ့ ဥရောပအတွေ့အကြုံတွေကနေ အကောင်းဆုံး အကူအညီပေးနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် စပိန်လာလီဂါရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

Photo Credit : Goal

ဒီနှစ်ဘောလုံးရာသီကမှ ပီအက်စ်ဂျီအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်ဘရာဇီးနောက်ခံကစားသမားကြီး သီယာဂိုဆေးဗားဟာ သူရဲ့ကလပ်အသင်းဟောင်းတွေဖြစ်တဲ့ အေစီမီလန် ပီအက်စ်ဂျီအသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်များစွာကို ဆင်နွဲခဲ့ဖူးသလို ပြီးခဲ့တဲ့ရာသီမှာဆိုရင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိပါ တတ်လှမ်းထားနိုင်ခဲ့ကာ အတွေ့အကြုံကောင်းများစွာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေက အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုလမ်းကြောင်းကို ဖြောင့်တန်းနိုင်အောင် အကူအညီ ပေးနိုင်လိမ့်မယ်လို့ နည်းပြလမ်းပတ်က သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Gilabola

လမ်းပတ်က “ဒီလို အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ကစားသမားတစ်ယောက်တည်းမှာပဲ အရေးကြီးတာမျိူး မဟုတ်ပေမယ့်လည်း သီယာဂိုက ကျွန်တော်တို့အသင်းရဲ့ ချန်ပီယံလိဂ်ပြေးလမ်းအတွက် အလွန်အရေးပါတဲ့ ကစားသမားမျိုးတော့ ဖြစ်လာမှာပါ။ ချန်ပီယံလိဂ် အတွေ့အကြုံရင့် ကစားသမားတွေဟာ ကမ္ဘာပေါ်ရှိတဲ့ ဘယ်ဘောလုံးပြိုင်ပွဲရဲ့ ထိပ်တန်းကလပ်အသင်းတွေမှာ အကောင်းဆုံးပါဝင်ကစားနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သီယာဂိုကတော့ မကြာသေးခင်ကပဲ ဥရောပပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာပါ အသင်းခေါင်းဆောင်တာဝန်နဲ့ ပါဝင်ကစားထားခဲ့သူပါ။ သူရဲ့ အတွေ့အကြုံတွေနဲဲ့ အသက်လက်တီကိုလို ဥရောပမှာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ကလပ်အသင်းမျိုးကို ကျော်ဖြတ်နိုင်ဖို့အတွက် အကူအညီ ဖြစ်လာနိုင်ပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ သီယာဂိုလို အတွေ့အကြုံရင့် နောက်ခံလူတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရတဲ့အတွက် အသင်းရဲ့ခံစစ်ပိုင်းက အရင်ကထက် ပိုမိုတည်ငြိမ်လာခဲ့ပြီး သူနဲ့တွဲဖက်ကစားရတဲ့ နောက်ခံလူဇူးမားပါ ခံစစ်အရည်အသွေးတွေ ပိုမိုမြင့်မားလာခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဘက်ကနေ သီယာဂိုဆေးဗားကို နောက်ထပ်တစ်နှစ်သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုသွားဖို့အထိပါ ပြင်ဆင်လာခဲ့ပြီး ဆေးဗားဘက်ကလည်း လက်ခံသွားဖွယ် ရှိနေပါတယ်။