ဒီနွေစျေးကွက်အတွင်းမှာ ကစားသမားသစ်များစွာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အပေါ် အသင်းရဲ့ နောက်ခံလူဟောင်း သီယာဂိုဆေးဗားက သူရဲ့ခံစားချက်ကို ဖွင့်ဟလာခဲ့ပြီး သူနဲ့ အသက်အရွှယ် မတိမ်းမယိမ်းဖြစ်နေတဲ့ နောက်ခံလူတစ်ဦးကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ခြင်းဟာ သူ့ကို စိတ်မကောင်းဖြစ်စေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၃၆)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် နောက်ခံကစားသမား သီယာဂိုဆေးဗားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်သလို အခုဆိုရင်လည်း သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဗားရဲ့အသင်းဟောင်း ပီအက်စ်ဂျီက ဒီစျေးကွက်အတွင်းမှာပဲ အသက်(၃၅)နှစ်အရွှယ်ရှိ ရာမို့စ်ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် ဒီအခွင့်အရေးကို မရရှိခဲ့တဲ့ သီယာဂိုဆေးဗားက ဒီအပြောင်းအရွှေ့ဟာ သူ့ကို ဝမ်းနည်းစေခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Cambodia News

ဆေးဗားက “ကျွန်တော် ဆာဂျီယိုရာမို့စ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆန့်ကျင်နေတာ မရှိပါဘူး။ ဒါပေမယ့် ဆာဂျီယိုကို ပီအက်စ်ဂျီအသင်းဘက်ကနေ (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းလိုက်ချိန်မှာ ဆာဂျီယိုရဲ့ အသက်အရွှယ်က မနှစ်က ကျွန်တော်ရဲ့အသက်အရွှယ်(စာချုပ်သက်တမ်း ကုန်ဆုံးချိန်)နဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအပြောင်းအရွှေ့က ကျွန်တော့်ကို တကယ်စိတ်မကောင်းဖြစ်စေပါတယ်။ ကျွန်တော် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက် တကယ်ကို စိတ်ထိခိုက်စေခဲ့ရလို့ပါ။ ကျွန်တော်က ဒီအသင်းအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့သလိုလည်း ခံစားမိခဲ့ရတယ်။ ကျွန်တော်ရဲ့ ထွက်ခွာမှုက ပြီးဆုံးသွားခဲ့ပြီဆိုပေမယ့် တစ်ချိန်တည်းမှာပဲ အကြောင်းအရာများစွာကိုလည်း တွေးမိပါတယ်။ ဒီအသင်းအတွက် ကျွန်တော်လုပ်ဆောင်ပေးခဲ့တာက (၈)ရက် (၈)လ မဟုတ်ပါဘူး။ (၈)နှစ်လောက် ဖြတ်သန်းခဲ့တယ်။ ဆုဖလားတွေကို ရယူပေးခဲ့တယ်။ အလုပ်တွေ ကြိုးစားပေးခဲ့တယ်။ ဒီအသင်းကို အခု လူတွေသတ်မှတ်နေသလို အသင်းကြီးတစ်သင်း ဖြစ်လာဖို့အတွက်ကိုလည်း ကျွန်တော် စွမ်းဆောင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အပြောင်းအရွှေ့ကတော့ ကျွန်တော့်ကို ဝမ်းနည်းစရာ ခံစားမှုပဲ ဖြစ်စေခဲ့ရတယ်” ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။