MySport Myanmar

ဒူးဒဏ်ရာကြောင့် (၆)ပတ်ခန့်လောက်အထိ အနားယူသွားရနိုင်တဲ့ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးအသင်းဟာ လန်ဒန် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ အသင်းရဲ့ ဝါရင့် နောက်ခံကစားသမားကြီး သီယာဂိုဆေးလ်ဗား ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ် (၆)ပတ်လောက်အထိ အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၈)နှစ်အရွယ်ရှိ ဘရာဇီးလ် ဝါရင့် နောက်ခံလူ ဆေးလ်ဗားဟာ ပထမပိုင်း ပွဲချိန် အစောပိုင်းမှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့တာကြောင့် ဖိုဖာနာနဲ့ပါ လူစားလဲခဲ့ရပါတယ်။ Evening Standard ရဲ့ သတင်းဖော်ပြချက်တွေအရတော့ ချဲလ်ဆီးအသင်းဟာ ဆေးလ်ဗားကို (၆)ပတ်လောက်အထိ အနားပေးသွားရနိုင်တယ်လို့ ဖော်ပြလာခဲ့တာကြောင့် ဒါဟာ ဖိအားတွေအောက်မှာ ရောက်ရှိနေတဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ချဲလ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပေမဲ့လည်း အသင်းရဲ့ခံစစ်ပိုင်းကတော့ ပွဲအများစုမှာ (၁)ဂိုးထက် ပိုပြီး ခွင့်ပြုရတာက နည်းပါးနေရပြီး အခုလည်း ဆေးလ်ဗား မကစားနိုင်တော့ချိန်မှာ ချဲလ်ဆီးခံစစ်က စကစ်ပ်နဲ့ ဟာရီကိန်းတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရတာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လာမဲ့ ရက်ပိုင်းတွေအတွင်း ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက် ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဆေးလ်ဗား မပါဝင်နိုင်တော့တာက ချဲလ်ဆီးခံစစ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်သလို တကယ်လို့များ ချဲလ်ဆီးအနေနဲ့ ဒေါ့မွန်ကို မကျော်ဖြတ်နိုင်ပဲ ချန်ပီယံလိဂ်ကနေ လှည့်ပြန်ခဲ့ရမယ်ဆိုရင်လည်း နည်းပြပေါ်တာရဲ့ အနာဂတ်က ပိုပြီးတော့ကို စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းက ဂိုးရရှိနိုင်နှုန်းတွေ အရမ်းကို ကျဆင်းလျက် ရှိနေတာကြောင့် ဒါဟာ ချဲလ်ဆီးအသင်း ပိုပြီး သတိထားစရာ ဖြစ်နေရပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)ကို ရောက်ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးအသင်း (၁၀)သင်းထဲမှာလည်း တိုက်စစ်က (၂၃)ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ အခြေအနေ အလွန်ဆိုးရွှားနေရပါတယ်။ ဒါ့အပြင် အဆင့်(၄)နေရာက စပါးနဲ့လည်း (၁၄)မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မလွယ်ကူနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။

 

Exit mobile version