ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ သီယာဂို အယ်ကန်တာရာကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဖူလ်ဟမ်နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၆ပတ် ဝန်းကျင် အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ထုတ်ဖော် ရေးသားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာက ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ ပါဝင် ကစားနိုင်တဲ့ ပွဲတွေမှာ လီဗာပူးရဲ့ ကွင်းလယ်ပိုင်း စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်တာကို သိသိသာသာ မြင်တွေ့ရပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က အယ်ကန်တာရာကို ပွဲတိုင်းလိုလို ထည့်သွင်း အသုံးပြုခဲ့ကာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာတော့ အယ်ကန်တာရာက ဒုတိယပိုင်း ပွဲကစားချိန် အစမှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် အသင်းဖော် အယ်လိယက်နဲ့ လူစားလဲခံခဲ့ရပါတယ်။

အယ်ကန်တာရာက ကွင်းထဲကနေ ထွက်ခွာလာချိန်ကတည်းက ဒဏ်ရာကြောင့် အတော်လေး နာကျင်နေတာကို မြင်တွေ့ရပြီး လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်ကလည်း ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ အယ်ကန်တာရာရဲ့ ဒဏ်ရာ အခြေအနေဟာ ဆိုးရွားဖွယ် ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက အယ်ကန်တာရာရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အယ်ကန်တာရာဟာ သီတင်းပတ် ၆ပတ် ဝန်းကျင် အထိ အနားယူရဖွယ် ရှိကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ပြီး အယ်ကန်တာရာဟာ အောက်တိုဘာလ အလယ်လောက် ရောက်မှသာ လီဗာပူးအတွက် ပြန်လည် ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

အယ်ကန်တာရာ ဒဏ်ရာရသွားပြီးနောက် လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စတင် စဉ်းစားလာကြပြီး အကယ်၍ သင့်တော်တဲ့ ကွင်းလယ်လူ တဦးသာ ဈေးကွက်ထဲမှာ ရှိနေခဲ့ရင် လီဗာပူးဘက်က ကွင်းလယ်လူသစ် ခေါ်ယူဖွယ် ရှိနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။