မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးက ဒီနှစ်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းကမှ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နာမည်ကျော် စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ လီဗာပူးလ်အသင်းရဲ့ ကစားပုံနဲ့ အံ့ဝင်ခွင်ကျ မရှိလှသလို အသင်းရဲ့နည်းပြ ယာဂန်ကလော့ အလိုရှိနေတဲ့ ကစားသမားမျိုးလည်း ဖြစ်နေမှာမဟုတ်ပဲ လီဗာပူးလ်ထက် ယူနိုက်တက်အသင်းမှာသာဆိုရင် သူရဲ့ကစားပုံနဲ့ ပိုအံ့ဝင်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ နွေစျေးကွက်အတွင်းကမှ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ သီယာဂိုဟာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ(၁၆)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်မှကို မလုပ်ဆောင်နိုင်သေးပဲ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ အခုလို အသင်းသစ် နေရာသစ်မှာ ရုန်းကန်နေရတာက လီဗာပူးလ်အသင်းရဲ့ ကစားပုံနဲ့ သီယာဂိုရဲ့ပင်ကိုကစားဟန် အံ့ဝင်ခွင်ကျမှုမရှိတာကြောင့်ဖြစ်တယ်လို့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ပေါလ်စခိုးက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

စခိုးက “လီဗာပူးလ်အသင်းကနေ ကစားနေတဲ့ လုပ်အားနှုန်းကို အဓိကထားတဲ့ ကစားပုံအရ သီယာဂိုအနေနဲ့ အသင်းရဲ့ကစားကွက်ထဲ အံ့ဝင်ခွင်ကျဖြစ်နေနိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့အနေနဲ့ ဒီလိုကွင်းလယ်(၃)ယောက် ကစားကွက်ထဲ ကွင်းလယ်အစွန်တွေမှာ တစ်ကြိမ်လောက် ကစားရမယ်ဆိုရင်တောင် သူ့အတွက်က မလွယ်ကူဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဒီလိုကစားသမားမျိုး မဟုတ်လို့ပါ။ သူက ကွင်းလယ်ဗဟိုမှာ အထိုင်ကစားမယ့်သူ။ ပွဲကို ထိန်းချုပ်မယ့်သူ။ ကစားပုံထဲမှာ အသင်းဖော်တွေကို အပါခေါ်ဆောင်မယ်။ ဒါက သူရဲ့အရည်အသွေးတွေပါပဲ။ ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ ကစားပုံက ဒီလိုမဟုတ်ပါဘူး။ သူ့ကိုကြည့်ရတာ ယာဂန်ကလော့အတွက် အမှန်တကယ် အလိုရှိနေတဲ့ ကစားသမားမျိုး မဟုတ်သလိုပါပဲ။ သီယာဂိုအနေနဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးမှာဆိုရင် ပိုပြီးအံ့ဝင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ယူနိုက်တက်မှာက ကွင်းလယ်ပိုင်းမှာ ကွင်းလယ်လူ(၂)ယောက်ကို အသုံးပြုတာဖြစ်လို့ အဲ့ဒီနေရာကနေ ပွဲကိုကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။