ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရယူထားနိုင်တဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ သားအကြီးဆုံး သီယာဂို မက်ဆီ ကတော့ သူဟာ ဘောလုံးသမား တဦး ဖြစ်ခွင့်ရရင် ဂိုးသမား ဖြစ်ချင်ပါတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ၅ဦးစာရင်းဝင် ကစားသမား တဦး ဖြစ်သလို လူနေမှုဘဝမှာလည်း ဇနီးဖြစ်သူ အန်တိုနယ်လာနဲ့ အတူ သာယာချမ်းမြေ့တဲ့ အိမ်ထောင်တခုကို တည်ထောင်ထားနိုင်ပြီး သီယာဂို မက်ဆီ ၊ မက်တီယို မက်ဆီ ၊ ကိုင်ရို မက်ဆီ ဆိုတဲ့ သားသုံးဦးကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Metro

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ သားဖြစ်သူတွေကလည်း တချိန်မှာ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ဖြစ်လာကြလိမ့်မယ်လို့ ယူဆနေသူတွေ ရှိသလို လက်ရှိမှာလည်း မက်ဆီရဲ့ သားအကြီးဆုံး ဖြစ်သူ သီယာဂို မက်ဆီက ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းကာ ဘောလုံးသမား တဦး ဖြစ်လာအောင် ကြိုးစားနေပါတယ်။

ဒါပေမယ့် သီယာဂို မက်ဆီက သူ့ရဲ့ဖခင်လို တိုက်စစ်မှူး တဦး အဖြစ် ကစားချင်သူ မဟုတ်ပဲ ဖခင်ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ တာစတီဂျန်ကို အားကျကာ တာစတီဂျန်လို ထိပ်တန်း ဂိုးသမား တဦး ဖြစ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တဦး ဖြစ်ချင်ကြောင်းကို သီယာဂို မက်ဆီက – “ကျွန်တော် ကြီးလာတဲ့ အခါ ဂိုးသမား တဦး ဖြစ်ချင်ပါတယ်။ ပြီးတော့ အဖေ့ရဲ့ သူငယ်ချင်း တာစတီဂျန်လို ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ချင်ပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။