လီဗာပူး အသင်း ရဲ့ ဘယ်ခြမ်း ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ သီယာဂို အယ်ကန်တာရာ ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ကစားခဲ့တဲ့ အဲဗာတန် နဲ့ ၂-၂ ဂိုး နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန် တိုက်စစ် ကစားသမား ရစ်ချာလီဆန် နဲ့ ထိခိုက်မိခဲ့ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သီယာဂို အနေနဲ့ အဆိုပါပွဲစဉ် အပြီး ‌လီ‌ဗာပူး အသင်း ရဲ့ နောက်ပွဲစဉ်တွေ မှာ ပါဝင် ကစားပေးနိုင်ခဲ့ခြင်း မရှိသလို ဒီကနေ့မှာလည်း လီဗာပူး နည်းပြ ဂျာဂျန် ကလော့ပ် က သီယာဂို အနေနဲ့ ယခုနှစ်ကုန် အထိ အသင်းအတွက် ကစားပေးနိုင်သေးမှာ မဟုတ်ကြောင်း နဲ့ ကစားသမား ရဲ့ ဒဏ်ရာ ပြဿနာ ကို ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Sky Sports

သီယာဂို အနေနဲ့ အဲဗာတန် နဲ့ ပွဲစဉ်မှာ ပွဲပြီးတဲ့အထိ ကစားပေးခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ သူ နာကျင်နေတယ် ဆိုတဲ့ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာ ပြဿနာဟာ ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာကို သိရဖို့ အတွက် ကစားသမား အနေနဲ့ စစ်ဆေးဖို့လည်း ပျက်ကွက် ခဲ့ပါသေးတယ်။ ရက်သတ္တပတ် နှစ်ပတ်ကြာပြီးတဲ့ နောက်မှာတော့ သီယာဂို ကို တစ်ဦးချင်း လေ့ကျင့်ခန်း ဆင်းတဲ့ နေရာမှာ မြင်တွေ့ခဲ့ကြပေမယ့် လီဗာပူး အသင်းရဲ့ ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာနိုင်ခြင်း မရှိသေးတာ ကြောင့် လီဗာပူး အသင်း ပရိသတ်တွေကြားထဲမှာ စိုးရိမ်မှုတွေက တစ်စတစ်စ ပိုမို ကြီးထွားခဲ့ကာ ပရိသတ်တွေက သီယာဂို အနေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့တယ်ဆိုပြီး ခန့်မှန်း ပြောဆို လာကြတာတွေလည်း ရှိလာခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ် သီယာဂို အနေနဲ့ အဲဗာတန် နဲ့ ပွဲစဉ် အပြီး ကတည်းက ကျန်းမာရေး စစ်ဆေးမှုတွေ မခံယူခဲ့တာကြောင့် ဒဏ်ရာပြဿနာ က ပိုမိုဆိုးဝါးလာခဲ့တာ ဖြစ်ပြီးတော့ ပြန်လည် သက်သာလာဖို့ အချိန်ကလည်း ထင်ထားတာ ထက်တောင် ပိုမို ကြာမြင့်နေတာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လီဗာပူး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ သီယာဂို အနေနဲ့ အဆင်သင့်ဖြစ်ဖို့ ရက်သတ္တပတ် အနည်းငယ်လောက် ကြာအုန်းမှာ ဖြစ်ကြောင်း နဲ့ လီဗာပူး အသင်း အနေနဲ့ နှစ်သစ်ကူး မတိုင်ခင်အထိ သိယာဂို မပါဝင်ပဲ ကစားသွားရဖို့ ရှိကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ “ သီယာဂို နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွား‌အောင် ကျွန်တော် အနည်းငယ် ပြောကြားလိုပါတယ်။ အဲဗာတန် နဲ့ ပွဲစဉ်နေ့တုန်းက သီယာဂို ဒဏ်ရာ ရရှိခဲ့ပါတယ်။ နောက်ထပ် ဆိုးဝါးတဲ့ ဒဏ်ရာပြဿနာ တစ်ခု အဖြစ်လည်း ဗာဂျယ်ဗန်ဒိုက်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်ဆေးမှု တွေ ပြီးတော့ တစ်ခုက တော်တော်လေး ဆိုးဝါး တဲ့ သတင်းဖြစ်နေပြီးတော့ တစ်ခုက အတော်လေး ကောင်းတဲ့ သတင်း ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် သီယာဂို အနေနဲ့ ဘာမှ မကျိုးခဲ့လို့ပါ။ ဒါပေမယ့် သီယာဂို ရဲ့ ဒူးခေါင်း မှာ အခုထိ ဒဏ်ရာက ရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့ အခု သိလိုက်ရပါတယ်။ ပြဿနာက ဘယ်လို ဖြစ်သွားလဲဆိုတော့ ဘာမှ မကျိုးခဲ့တာကြောင့် လူတိုင်းက ‘ အဆင်ပြေတယ်၊ မင်း အနေနဲ့ နောက်ရက်အနည်းငယ်ကြာရင် ပြန်ကစားနိုင်လိမ့်မယ် ’ လို့ ထင်ခဲ့ကြတာ။ ဒါပေမယ့် ဒူးခေါင်း မှာ ရှိတဲ့ ဒဏ်ရာက အတော်လေး ကြီးမားနေပြီးတော့ အခုချိန်ထိတောင် ပြန်မကောင်းသေးတာပဲ။ သူ ဘယ်အချိန်မှာ ပြန်ကောင်း လာနိုင်မလဲဆိုတာကိုတော့ ကျွန်တော် အတိအကျ မပြောတတ်ပါဘူး။ ဒါပေမယ့် ရက်သတ္တပတ် အနည်းငယ်တော့ ကြာပါလိမ့်မယ် ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။