ပြီးခဲ့တဲ့ စနေနေ့ညက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာက လီဗာပူးလ်အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးဟာ သီယာဂိုရဲ့ လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နာမည်ကျော် စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ နယ်မြေသစ်မှာ အံ့ဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၆)ပွဲမြောက်အဖြစ် ပါဝင်ခဲ့ရတဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်အရောက်မှ သူရဲ့ပထမဆုံးဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူခဲ့ချိန်မှာတော့ သီယာဂိုဟာ ထူးထူးခြားခြားပဲ ပွဲကြည့်စင်ဘက်ကို လက်ညိုးထိုးကာ အော်ဟစ်အောင်ပွဲခံနေပြီး ဒီလိုပုံစံမျိုးနဲ့ ဘာကြောင့်အောင်ပွဲခံခဲ့ရသလဲဆိုတာကိုပါ သီယာဂိုက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Planet Football

သူရဲ့အောင်ပွဲခံခဲ့တဲ့ ပုံစံနဲ့ပတ်သက်ပြီး သီယာဂိုက “ဒါက အသင်းအတွက် ကစားပေးရခြင်းမရှိတဲ့ အရန်ခုံပေါ်က ကျွန်တော်ရဲ့အသင်းဖော်တွေကို ရည်ရွယ်တာပါ။ သူတို့တွေနဲ့ ကျွန်တော့်ကြားမှာ အရမ်းကို ရင်းနှီးကျွမ်းဝင်မှုတွေလည်း ရှိနေကြပါတယ်။ သင်က ကွင်းအတွင်း ဘောလုံးကစားခွင့် ရရှိနေတဲ့ အချိန်မျိုးမှာ ဒီအရန်ခုံမှာ အမြဲထိုင်နေရတဲ့ ကစားသမားတွေရဲ့အကြောင်းကို တွေးတောမိမှာပဲလေ။ သူတို့တွေ ဘယ်လိုဆောင်ရွက်နေကြမလဲ။ သူတို့ကစားခွင့် မရရှိတဲ့ အချိန်မျိုးမှာတောင် သူတို့ဘယ်လိုပြုမှုနေကြလဲဆိုတာတွေကို တွေးမိမှာပါ။ ဒါကြောင့် ဒီဂိုးက သူတို့ကို ရည်ရွယ်တဲ့အတွက် သူတို့တွေကို လက်ညိုးထိုးပြီး အောင်ပွဲခံခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖလား(၃)လုံး ချန်ပီယံဖြစ်ခဲ့တဲ့ သီယာဂိုဟာ အသင်းသစ် လီဗာပူးလ်နဲ့ ပွဲဦးထွက်ရာသီမှာတော့ သူကိုယ်တိုင်လည်း အင်္ဂလန်မြေမှာ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရသလို အသင်းကလည်း ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရပြီး လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်ကိုတောင် လက်ကျန်ပွဲတွေမှာ အမှားအယွင်းမခံပဲ ရမှတ်တွေ စုဆောင်းထားဖို့ အရေးတကြီး လိုအပ်လို့နေပါတယ်။