အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစတဲ့ သီယာဂို အယ်ကန်တာရာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် ဒါဘီပွဲစဉ်ဟာ သူတို့အသင်းထက် အနည်းငယ် ခက်ခဲခဲ့ပြီး ပွဲကစားနေစဉ် အတွင်းမှာ သွင်းဂိုးတွေ သွင်းယူနိုင်မယ့် ယုံကြည်ချက်တွေ ပျောက်ဆုံးခဲ့ရတယ် လို့ ဝန်ခံသွားပါတယ်။ အန်ဖီးလ်ကွင်းထဲမှာ ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မှာ လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ခြေစွမ်းချင်း မတိမ်းမယိမ်း အနေအထားမှာ အယ်ကန်တာရာဟာ လီဗာပူး အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ အနိုင်ရလဒ်ကို ဦးတည်ကာ ကစားခဲ့တာကြောင့် သွင်းဂိုးတွေ မမြင်ခဲ့ရပေမယ့် ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။ ပွဲစဉ်ရဲ့ ပထမပိုင်း မိနစ် ၃၀ကျော် အထိ လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အတော်လေး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ မရခဲ့သလို ယူနိုက်တက် အသင်းဘက်က ရရှိလာတဲ့ အပိုင် ဂိုးသွင်းခွင့် နှစ်ကြိမ်ကိုလည်း လီဗာပူးအသင်းရဲ့ ဂိုးသမား ဘက်ကာက အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သရေတစ်မှတ် ဆိုတာဟာ နှစ်သင်းစလုံး အတွက် မျှတတဲ့ ရလဒ်တစ်ခု ဖြစ်ပြီး လီဗာပူးအသင်း ကတော့ ၂၀၀၅ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် ၃ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တဲ့ မှတ်တမ်းဆိုး တစ်ခုကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Express

အယ်ကန်တာရာ ကတော့ မကြာခင်မှာ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူးတွေ အနေနဲ့ သွင်းဂိုးတွေ ပြန်လည် ရရှိလိမ့်မယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်နဲ့ ပွဲစဉ်အတွင်းမှာ သွင်းဂိုးတွေ ရရမယ် ဆိုတဲ့ ယုံကြည်ချက် လျော့နည်းသွားတဲ့ အချိန်တွေ ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ အယ်ကန်တာရာက “ မကြာခင် ကျွန်တော်တို့ အသင်း သွင်းဂိုးတွေ ပြန်ရလာမယ် ဆိုတာက ကျိန်းသေပါတယ်။ ရှေ့တန်းမှာ ရှိတဲ့ ထိပ်တန်း တိုက်စစ်မှူး သုံးယောက်တင် မကပါဘူး။ ကျွန်တော်တို့ အသင်းမှာ အော်ရီဂီ ၊ ရှာကွီရီ ၊ ဝစ်နယ်ဒန်တို့လို ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကွင်းလယ်က ကစားသမားတွေဟာ သွင်းဂိုးတွေ သွင်းယူနိုင်သလို ခံစစ်က ကစားသမားတွေလည်း သွင်းဂိုးတွေ သွင်းယူနိုင်ပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ မရတာဟာ ဖန်တီးမှုကောင်းကောင်း မလုပ်နိုင်တဲ့ ပြဿနာကြောင့်ပါ။ ဖန်တီးမှုတွေသာ ကောင်းလာရင် သွင်းဂိုးတွေ ရလာပါလိမ့်မယ်။ ပွဲကိုတော့ ကျွန်တော်တို့ဟာ အရှိန်အဟုန်နဲ့ စတင်ခဲ့ပြီး အနိုင်ရရှိမယ့် အခွင့်အရေးတွေ ရအောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ မရလာတဲ့ အချိန်မှာတော့ ယုံကြည်မှု အနည်းငယ် ကျဆင်းသွားခဲ့ပြီး အဲ့ဒါကြောင့်ပဲ ပွဲစဉ်ရဲ့ အနေအထားက ပြောင်းလဲသွားတာပါ” လို့ ပြောဆို သွားခဲ့ပါတယ်။