ဒီနှစ်ဘောလုံးရာသီရဲ့ နွေရာသီဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ လီဗာပူးလ်ကို မပြောင်းရွှေ့ခင်မှာ သူရဲ့အသင်းဟောင်း ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့သေးပြီး ဒါကမ်းလှမ်းချက်ကို သီယာဂိုဘက်ကနေ ငြင်းဆန်ပယ်ချခဲ့ကာ လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ The Guardian ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ ၂၀၁၃ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာပဲ အသင်းနဲ့အတူ ဖလား(၃)လုံးအထိ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သီယာဂိုက ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ တစ်နှစ်ပဲ ကျန်ရှိနေသေးတဲ့အချိန်မှာ အသင်းကနေ လမ်းခွဲသွားဖို့ ဆုံးဖြတ်လာခဲ့ပြီး လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)+အပိုဆုကြေး ပေါင်(၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Football365

ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို ရရှိခဲ့သေးပြီး သီယာဂိုကိုယ်တိုင် ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းဖို့ထက် လီဗာပူးလ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေခဲ့တာဖြစ်လို့ လီဗာပူးလ်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကို ရွေးချယ်ခဲ့တဲ့အပေါ် သီယာဂိုက “ကျွန်တော် ဒီအချိန်ကို စောင့်ဆိုင်းနေရတာ အရမ်းကို ကြာမြင့်လို့နေပါပြီ။ အခု ဒီနေရာကို ကျွန်တော်ရောက်လာခဲ့ပြီဖြစ်လို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီအသင်းက ကျွန်တော်ဘယ်လိုလူသားလဲဆိုတာကို တန်ဖိုးထား ဖော်ပြနိုင်ခဲ့တယ်လို့ ကျွန်တော်မြင်မိတယ်။ ကျွန်တော်ကတော့ ဒီအသင်းနဲ့အတူ ရနိုင်သမျှ ဆုဖလားတွေအားလုံး အောင်မြင်မှုတွေအားလုံးကို အရယူသွားချင်တယ်။ နောက်ပြီး ဒီအသင်းမှာ ကျွန်တော်အမှန်အကန် လိုအပ်လို့နေတဲ့ မိသားစုသဖွယ် နွေးထွေးတဲ့ ဆက်ဆံရေးတွေကို သူတို့ပေးစွမ်းနိုင်ခဲ့တယ်။ တကယ့်ကို ရင်းနှီးနွေးထွေးတဲ့ စိတ်ခံစားချက်မျိုးကို ရရှိစေတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သီယာဂိုဟာ ဗိုင်းရပ်စ်ရန်ကနေ ပျောက်ကင်းသက်သာနေပြီဖြစ်ကြောင်းကို သူရဲ့တွစ်တာပေါ်မှာ ဓါတ်ပုံတွေနဲ့အတူ ဖော်ပြလာခဲ့ပြီး လာမယ့် Weekend မှာ ယှဉ်ပြိုင်ကစားမယ့် အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီပွဲအတွင်း ပါဝင်ကစားဖွယ် ရှိနေပါတယ်။