ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာ အရခေါ်ယူခဲ့ပြီး ဒီကစားသမားရဲ့ အရည်အသွေးတွေနဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်အားကို အကောင်းဆုံးမောင်းနှင်ပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သီယာဂိုကို အသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်း ထည့်သွင်းလိုက်တဲ့ ပွဲစဉ်တိုင်းမှာ လီဗာပူးလ်အသင်းက နိုင်ပွဲလုံးဝကို မရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Photo Credit : Rush The Kop

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ သီယာဂိုအယ်ကန်တာရာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့လို ဘောလုံးစကေးကောင်းတဲ့ ကစားသမားတစ်ယောက်ကို အရခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရဲ့အင်အားက ပိုမိုတောင့်တင်းသွားလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သီယာဂိုကို အသင်းရဲ့ Line-up ထဲမှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာ လီဗာပူးလ်အသင်းက တစ်ပွဲမှကို အနိုင်မယူနိုင်ခဲ့တဲ့အထိ ရလဒ်တွေ ဆိုးခဲ့ရပါတယ်။

Photo Credit : Teamtalk

သီယာဂိုကို ပွဲထွက်လူစာရင်းအတွင်း ထည့်သွင်းအသုံးပြုခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်နဲ့ အက်အေဖလားပွဲ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သရေပွဲ(၂)ပွဲနဲ့ ရှုံးပွဲ(၃)ပွဲအထိကို ကြုံတွေ့ခဲ့ရပါတယ်။ သီယာဂိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အသင်းပရိသတ်တချို့ကလည်း သီယာဂိုဟာ ဘေးတိုက်ဘောလုံးပေးပို့မှုတွေနဲ့သာ အချိန်ကုန်နေတတ်သူလို့ပါ ဝေဖန်ထားကြပါသေးတယ်။ သီယာဂိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲ ပါဝင်ကစားထားခဲ့ရာမှာ ဘောလုံးပေးပို့မှုတွေကို အကြိမ်ရေများစွာ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အခုထိတော့ အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုမှာပါ တစ်ကြိမ်မှကို မလုပ်ဆောင်ထားနိုင်သေးပဲ ရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာလည်း ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကန်သွင်းချက်ကို ကာကွယ်ရာမှာ ဘောလုံးက သူရပ်နေတဲ့ နေရာကိုလာခဲ့ပေမယ့် ခေါင်းငုံ့ရှောင်ပေးသလို ပြုမှုလိုက်တာကြောင့် ဖရီးကစ်ကန်ချက်က ဂိုးဝင်ခဲ့ပြီး အဲ့ဒီဂိုးနဲ့ပဲ အသင်းက ရှုံးပွဲကြုံတွေ့လိုက်ရလို့ ဝေဖန်ပြစ်တင်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။