လီဗာပူးလ် မန်ချက်စတာယူနိုက်တက် ရီးယဲလ်မက်ဒရစ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းကြိး မိုက်ကယ်အိုဝင်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေအပေါ် ခန့်မှန်းသုံးသပ်မှုတွေ လုပ်ဆောင်လျက် ရှိနေတဲ့အပြင် ဒီနှစ်ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ အောင်မြင်နိုင်ခြေရှိမယ့် အသင်းတွေကိုပါ ခန့်မှန်းမှု ပြုလုပ်လာခဲ့ရာ သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ လီဗာပူးလ်က ရေပန်းအစားဆုံး အသင်းဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

လီဗာပူးလ်အသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မရဏအုပ်စုအဖြစ် အေစီမီလန် အသက်လက်တီကို ပေါ်တိုအသင်းတွေနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်ခဲ့ပေမယ့်လည်း အုပ်စုတွင်း ပွဲအားလုံးကို အနိုင်ယူခဲ့ပြီး အုပ်စုဗိုလ်နေရာနဲ့ပါ နောက်တစ်ဆင့်ကို တတ်လှမး်သွားခဲ့ရပါတယ်။ အုပ်စုပွဲ(၆)ပွဲအတွင်း သွင်းဂိုး(၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး(၆)ဂိုးလေးသာ ရှိခဲ့ရတဲ့ လီဗာပူးလ်အသင်းကို အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပတ်သက်ပြီး အိုဝင်က “စပိန်ကလပ်အသင်းတွေက အရင်ကာလတွေလို အင်အားကောင်းတဲ့ ပုံစံမျိုးတွေ မဟုတ်တော့ဘူး”

Photo Credit : The Sport Review

“ပဲရစ်စိန့်ဂျာမိန်းအသင်းအနေနဲ့လည်း အောင်မြင်မှု မရနိုင်သေးဘူးဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်ကို ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် အင်္ဂလိိပ် ကလပ်အသင်းတစ်သင်းလို့ပဲ ထင်ပါတယ်။ လီဗာပူးလ်အသင်းအတွက်ကလည်း မရဏအုပ်စုထဲ ကျရောက်နေခဲ့တာတောင်မှ အဆုံးသတ်မှာတော့ ဒီအသင်းအားလုံးကို အနိုင်ယူ ပြသွားခဲ့တယ်။ သူတို့က ကျန်တဲ့အသင်းတွေအတွက် အရမ်းကို ကောင်းလွန်းနေပါတယ်။ ပွဲတိုင်းကိုသာ အတောင့်တင်းဆုံး လူစာရင်းမျိုးနဲ့သာ ကစားခဲ့မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေအတွက် တကယ့်ကို ရှက်စရာရလဒ်တွေပါ ဖြစ်သွားနိုင်လိမ့်မယ်။ ဒါဟာ အံ့မခန်းပါပဲ။ တကယ့်ကို နာမည်ကြီး ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ရချိန် ရယူနိုင်တဲ့ ရမှတ်အားလုံးကို အရယူနိုင်တာက အလွန်အံ့မခန်းပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဘက်မှာလည်း ပွဲစဉ်(၁၅)ပွဲ ကစားထားပြီးတဲ့နောက် ရမှတ်(၃၄)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။