ဆောက်သမ်တန်နည်းပြ ဟာဆန်ဇ်ဟက်တယ်က မနေ့ညက စိန့်မေရီကွင်းထဲမှာ သူတို့အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီကို ထည့်သွင်းလိုက်ပြီး သွင်းဂိုး(၃)ဂိုး ပြန်လည်သွင်းယူကာ Comeback Winning နဲ့ အနိုင်ရခဲ့တဲ့အပေါ် ယူနိုက်တက်အသင်းက နိုင်ပွဲတစ်ပွဲထက် ပိုမိုပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနေသလိုမျိုး အောင်ပွဲခံသွားခဲ့တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက နောက်ခံလူဘတ်နာရတ်ဒ် ကွင်းလယ်လူဝက်စ်ပရောက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်က ဒုတိယပိုင်းအစမှာပဲ ကာဗာနီကို ထည့်သွင်းလိုက်ရင်း အသင်းရဲ့တိုက်စစ်ပိုင်းက ပိုမိုတိုးတတ်ကောင်းမွန်လာခဲ့ပြီး (၂)ဂိုးအရှုံးကနေ (၃)ဂိုးပြန်သွင်းယူကာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းက ပွဲအပြီးမှာ အတော်လေးကို အောင်ပွဲခံခဲ့တဲ့အပေါ် လိုတာထက်ပိုပြီး အောင်ပွဲခံနေခြင်းဟာ သူတို့အတွက် အခက်ခဲဆုံးပြိုင်ဘက်ကို အနိုင်ရတာလိုက်ကြောင့်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ဟာဆန်ဇ်ဟက်တယ်က “သင်တို့အနေနဲ့ သူတို့တွေ အဝတ်လဲခန်းအတွင်းက အောင်ပွဲခံမှုတွေကို အတိုင်းသားကြားနေရနိုင်ပါတယ်။ သူတို့ကိုကြည့်ရတာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်လိုက်ရသလိုမျိုးကို အောင်ပွဲခံကြတာ။ ဒါက သူတို့အနေနဲ့ သူတို့အတွက် အရမ်းကို ခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ကစားခဲ့ရတာကြောင့်ပါ။ ဒါကတော့ ကျွန်တော့်အတွက်တော့ ကျေနပ်စရာ ဖြစ်ရတယ်လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေအနေနဲ့ ဒီလိုသာ အောင်ပွဲခံနေတာဆိုရင် ဒါဟာ သေချာပေါက် သူတို့အတွက် အခက်ခဲဆုံးပွဲကို ရင်ဆိုင်ခဲ့ရလို့ပါပဲ။ သူတို့က ကျွန်တော်တို့ကို အနိုင်ရဖို့အတွက် အတတ်နိုင်ဆုံး ကစားခဲ့ရတာဆိုတော့ ကျွန်တော်တို့ ကစားခဲ့တဲ့အပေါ် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အသင်းက ဒီပွဲမှာ အကောင်းဆုံး အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုအသင်းမျိုးကို ဒီပုံစံအတိုင်း ကစားနိုင်တာကို အရမ်းဂုဏ်ယူမိတယ်။ (၂)ဂိုးစီသရေကျနေတာက ကျွန်တော်တို့အတွက် အဆင်ပြေနေသေးတယ်ဆိုပေမယ့် တတိယဂိုးအထိ ခွင့်ပြုလိုက်ရတာကိုတော့ နည်းနည်းစိတ်ပျက်မိတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အကောင်းဆုံးကစားနိုင်ခဲ့တာကိုတော့ ပျော်ရွှင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဟာဆန်ဇ်ဟက်တယ်ရဲ့ ဆောက်သမ်တန်အသင်းက လာမယ့်တစ်ပတ်မှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဒီရက်ပိုင်းထဲ ပီအက်စ်ဂျီကို အိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားရပါလိမ့်မယ်။