မနေ့ညက ကျင်းပသွားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အက်အေဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်မှာ ချန်ပီယံရှစ် ကလပ်အသင်းဖြစ်တဲ့ နော်တင်ဟမ်အသင်းက အက်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အာဆင်နယ်အသင်းကို တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး အာဆင်နယ်ကို တတိယအဆင့်ကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။
Photo Credit : The Guardian
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်အတွင်းမှာ အရန်ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပေမယ့်လည်း တစ်ဖက်က ချန်ပီယံရှစ် ကလပ်အသင်းထက် လူအင်အားက တောင့်တင်းလို့နေပြီး ပွဲတစ်လျှောက်လုံးမှာလည်း ဂိုးကန်သွင်းမှု (၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်မတ်မှုက တစ်ကြိမ်မှကို မရှိခဲ့ပဲနဲ့ အသင်းရဲ့ ကစားပုံကပါ အားနည်းချက်တွေ ရှိခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်အတွင်း အကြမ်းဖက်မှုတွေ ပပျောက်စေဖို့အတွက် No More Red အစီအစဉ်အဖြစ် အပေါ်အောက် အဖြူဝမ်းဆက် ဂျာစီကိုပါ ဝတ်ဆင်ခဲ့ပါတယ်။
Photo Credit : Eurosport
ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက “အဲ့ဒါက အမှိုက်လိုပါပဲ။ သူတို့ကို ကြည့်ရတာက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆင်တူသလို ဖြစ်နေပေမယ့် ကစားသွားတာကြတော့ အပျော်တမ်း ကလပ်အသင်းလိုမျိုးကို ကစားသွားတယ်။ သူတို့မှာ အားနည်းချက်တွေ ပျော့ကွက်တွေ ရှိနေပါသေးတယ်။ ကစားတာလည်း အတော်လေးကို ညံဖျင်းပါတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။ ဂရာဗန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ လာမယ့် စတုတ္ထအဆင့်မှာတော့ အက်အေဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ လက်စတာစီးတီးအသင်းနဲ့ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်လို့ နောက်ထပ် အံ့အားသင့်စရာ ရလဒ်မျိုးတွေ ထပ်မံဖန်တီးနိုင်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရပါမယ်။ အက်အေဖလားကို အကြိမ်ရေ အများဆုံးအဖြစ် ရရှိထားတဲ့ အာဆင်နယ်အသင်းကတော့ ၁၉၉၆ခုနှစ်နောက်ပိုင်း အက်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ကနေ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။