MySport Myanmar

သူတို့က ဒိုင်တွေ ရဲတွေ ဘောကောက်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရတယ်လို့ CBF ဥက္ကဌ ဆို

ဘရာဇီးလ်အသင်းဟာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဘိုလီးဗီးယားအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ဥက္ကဋ္ဌက ဒိုင်လူကြီးများ၊ ရဲများနှင့် ဘောလုံးကောက်ပေးသူများကိုပါ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပြီး တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) အနေနဲ့ အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားတဲ့ အယ်လ်အယ်လ်တိုမြို့မှာ ကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ ဘရာဇီးလ်အသင်း အကြီးအကျယ် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ကာလို အန်ဆလော့တီရဲ့ ဘရာဇီးလ်အသင်းဟာ သူတို့ရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကို ဘိုလီးဗီးယားကို ရှုံးနိမ့်ပြီး အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Goal

ဘရာဇီးလ်ဟာ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တာကြောင့် ဒီပွဲစဉ်မှာ နည်းပြက ကစားသမားအစမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်တစ်လျှောက်လုံး ရုန်းကန်ခဲ့ရပြီး ပထမပိုင်းမှာ ဘရူနို ဂီမာရေ့စ်ရဲ့ အမှားကနေတစ်ဆင့် ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးတစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆာမီယာ ဇော့်ဒ်က ဒီရှုံးနိမ့်မှုအပေါ် အလွန်ဒေါသထွက်ခဲ့ပြီး ပွဲစဉ်ကို စီမံခန့်ခွဲခဲ့သူအားလုံးကို ပစ်မှတ်ထား ဝေဖန်ခဲ့ပါတယ်။သူက TNT Sports ကို “ဒီနေ့က တကယ့်ကို ရှုပ်ထွေးပွေလီနိုင်လွန်းတဲ့ အခြေအနေပါပဲ။ ဒါက ကမ္ဘာ့ဘောလုံးလောက ဒါမှမဟုတ် တောင်အမေရိက ဘောလုံးလောကအတွက် ကျွန်တော်တို့ မျှော်လင့်ထားတဲ့အရာမဟုတ်ဘူး။ ဒီလိုမျိုး အမြင့်ပေ ၄၀၀၀ မှာတောင် လူ (၁၄)‌ယောက် (ပြိုင်ဘက် ၁၁ ဦး + ဒိုင် ၃ ဦး) နဲ့ ရင်ဆိုင်ရတဲ့အခါ ဘောလုံးကစားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : The Nambia

“CONMEBOL အနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရာအားလုံးကို အသံဖမ်း ဗီဒီယိုရိုက်ထားပြီးသားပါ။ ဒါမျိုးဖြစ်လို့မရဘူး။ လုံးဝကို အဓိပ္ပာယ်မရှိဘူး။ ကျွန်တော်တို့ ဘောလုံးကစားဖို့လာခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာက ဒိုင်တွေ၊ ရဲတွေ၊ ပြီးတော့ ကွင်းထဲက ဘောလုံးကို ယူဖွက်လိုက်၊ ပြန်ထည့်လိုက်လုပ်နေတဲ့ ဘောလုံးကောက်ပေးတဲ့ ကောင်လေးတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါပဲ။” လို့ သူက ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဒီခြေစစ်ပွဲခရီးစဉ်မှာ နိုင်ပွဲရာခိုင်နှုန်း (၅၂)% နဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးခြေစစ်ပွဲကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက သူတို့ရဲ့ သမိုင်းမှာ ဒုတိယအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ခြေစစ်ပွဲ (နိုင်ပွဲ ၅၆%) အပြီးမှာတော့ သူတို့ နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များကာလမှာ တောင်ကိုရီးယား (ဆိုးလ်မြို့) နဲ့ ဂျပန် (တိုကျိုမြို့) တို့ကို သွားရောက်ပြီး ခြေစမ်းပွဲ (၂)ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

Exit mobile version