MySport Myanmar

လီယာအိုက ရော်နယ်လ်ဒိုလက်သစ် မဖြစ်လာနိုင်တဲ့ အကြောင်းအရင်းကို ဆန်းတို့စ်ရှင်းလင်း

အေစီမီလန်နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ရာဖယ်လီယာအိုအနေနဲ့ လက်ရှိမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပေမယ့် ပေါ်တူဂီရဲ့ legend player ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့နေရာကို ဆက်ခံနိုင်မယ့်သူ ရော်နယ်လ်ဒိုလက်သစ်လို့ ပြောဆိုနေမှုတွေအပေါ် လက်မခံခဲ့ပဲ လီယာအိုအနေနဲ့ ရော်နယ်လ်ဒိုနေရာ အစားထိုးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပေါ်တူဂီနည်းပြကြီး ဖာနန်ဒိုဆန်းတို့စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားကြီးဖြစ်သူ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွစ်ဇာလန်အသင်းဘက်ကို သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့ပြီး သူရဲ့နိုင်ငံတကာသွင်းဂိုး (၁၁၇)ဂိုးထိ ရှိလာခဲ့သလို လက်ရွေးစင်အသင်းအတွက် ပင်နယ်တီဂိုးမပါဝင်ပဲ ဂိုး(၁၀၀)ထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်ပါ စံချိန်တင်သွားခဲ့ပါသေးတယ်။ စံချိန်တွေများစွာ ရယူထားနိုင်တဲ့ ရော်နယ်လ်ဒိုလို ကစားသမားမျိုးနဲ့ ခုမှ အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ ကစားသမားဖြစ်သူ လီယာအိုနဲ့ ခိုင်းနှိုင်းပြောဆိုလာမှုတွေအပေါ် ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကိုယ်တိုင် သဘောမတူခဲ့ပဲ ဘာကြောင့် သဘောမတူနိုင်ရသလဲဆိုတာကိုပါ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Milanreports

ဆန်းတို့စ်က “လီယာအိုက ရော်နယ်လ်ဒိုနဲ့ တူညီနိုင်မလား။ သူတို့တွေက တူညီတဲ့ နေရာမှာ ကစားနေကြသူတွေလို့ ကျွန်တော် မထင်ပါဘူး။ ဒါကြောင့် ရော်နယ်လ်ဒိုနေရာ ဆက်ခံနိုင်မယ့်သူ အစားထိုးနိုင်မယ့်သူဆိုတဲ့ အသုံးအနှုန်းတွေက ကျွန်တော့်အမြင်ရဆိုရင်တော့ အရမ်းကြီးမားလွန်းပါတယ်။ ခရစ္စတီယာနို ဂိုးတွေ ဘယ်လောက်သွင်းယူထားလဲဆိုတာ ကျွန်တော် မသိပါဘူး။ တစ်သန်းထိ ဖြစ်နိုင်တယ်။ ပေါ်တူဂီမှာသာမက ကမ္ဘာ့ဘောလုံးနယ်ပယ်မှာပါ ရော်နယ်လ်ဒိုနေရာကို ဘယ်သူကမှ အစားထိုးဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူနဲ့ ရာဖာလီယာအိုတို့ကြားမှာ နှိုင်းယှဉ်ပြောဆိုနေကြတာလည်း အဆင်မပြေနိုင်ပါဘူး။ ရာဖာက သူရဲ့ ကိုယ်ပိုင်လက္ခဏတွေ အရည်အသွေးတွေနဲ့ ရာဖာသက်သက်ပဲ ဖြစ်နေရပါမယ်။ ဒါပေမယ့် သူက အခု အသက်(၂၁)နှစ်သာ ရှိနေသေးပေမယ့် အခုအချိန်မှာ ကျွန်တော်တို့တွေအတူ ရှိနေရတာဆိုတော့ သူက နိုင်ငံအသင်းရဲ့ အနာဂတ် ဖြစ်လာနိုင်သလို အနာဂတ်မှာ အသင်းရဲ့ အားအကိုးရဆုံး ကစားသမားတစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version