အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ရင်းနဲ့ ပွဲအပြီး ဟိုတယ်မှာ အနားယူနေစဉ်အတွင်း အသင်းဖော်ဖိုဒန်နဲ့အတူ ဟိုတယ်ဆီကို မိန်းကလေးတွေ လှမ်းခေါ်ဆောင်ခဲ့ကာ ကိုဗစ်စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ဟာ လက်ရှိမှာလည်း ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ နောက်ကျမှလာရောက်တာကြောင့် သူ့ကို အသင်းဘက်ကနေ အပြစ်ပေးထားခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လို့နေကာ ဒီသတင်းတွေအားလုံးကို ယူနိုက်တက်နည်းပြဆိုးလ်ရှားက ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆဲလ်နဲ့ ပရီးမီးယားလိဂ် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်ရခြင်းမရှိပဲ ဒီလိုပါဝင်ခဲ့ခြင်းမရှိတာက ဂရင်းဝုဒ်အနေနဲ့ အသင်းက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာပဲ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုပါ နောက်ကျနေခဲ့လို့သာ အပြစ်ပေးခံထားရတာဖြစ်တယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီကောလဟာလတွေကို နည်းပြဆိုးလ်ရှားကနေ ငြင်းဆန်ခဲ့ပြီး အကြောင်းအရင်းသေချာမသိပဲ အခုလို ဖော်ပြနေခြင်းကိုပါ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Report Door

ဆိုးလ်ရှားက “ဂရင်းဝုဒ်က အင်္ဂလန်လက်ရွေးစင်အသင်းမှာပဲ အမှားကျူးလွန်မိတာပါ။ အဲ့ဒီနောက်ပိုင်းကတည်းက အင်္ဂလန်သတင်းမီဒီယာတွေက သူ့နောက်ကိုပဲ သတင်းလိုက်နေတော့တယ်။ မေဆန်က တကယ့်ကို ကစားသမားကောင်းလေးတစ်ယောက်ပါ။ သူက ဘယ်တုန်းကမှ လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း နောက်မကျဘူးသလို လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာလည်း ဘယ်တုန်းကမှ ပြသာနာမရှိခဲ့ပါဘူး။ အခု ထွက်နေတဲ့ သတင်းတွေကိုလည်း ကျွန်တော်တွေ့ထားပါတယ်။ နောက်ပြီး ယူနိုက်တက်ကစားသမားကောင်းတွေကပါ မေဆန်နဲ့ပတ်သက်ပြီး ပြောဆိုနေကြတာကိုလည်း တွေ့ထားသေးတယ်။ ဒီလူတွေက အကြောင်းအရင်းကို ဘာမှသေချာမသိပဲနဲ့ကို ပြောဆိုနေကြတယ်။ ကျွန်တော်တို့အသင်းမှာ ဓါတ်ပုံဆရာတွေလည်းရှိပါတယ်။ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ အဲ့မှာ မေဆန်ပါဝင်နေတာပဲလေ။ ဒါကြောင့် ဒီကောဟာလတွေ ဘယ်ကနေ ထွက်လာသလဲဆိုတာ စဉ်းစားလို့မရပါဘူး။ သူက ကောင်းမွန်တဲ့ မိသားစုကနေ ဆင်းသက်လာခဲ့တာပါ။ အကယ်ဒမီမှာဆိုရင်လည်း သူက အရမ်းကို ကြိုးစားလွန်းတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒါကြောင့်မို့ ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းတွေကို ကျွန်တော်လုံးဝမယုံကြည်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။