မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပြိုင်ပွဲရဲ့ပထမအကျော့ပွဲစဉ်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းက ချန်ပီယံလိဂ်ရဲ့လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို မက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ ကွင်းလယ်လူဆာအူးရဲ့အစောပိုင်းသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာက ပြတ်သားတဲ့ရလဒ်မဟုတ်တဲ့အပြင် လာမယ့်မတ်လထဲမှာ ကစားသွားရမယ့် ဒုတိယအကျော့ကလည်း လီဗာပူးလ်ရဲ့အန်ဖီးလ်ကွင်းကြီးမှာဖြစ်လို့ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Photo Credit : Getty Images

ဒီပွဲဲအပြီးမှာ လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂင်ကလော့က ဒုတိယအကျော့ကို လက်ခံကစားသွားရမယ့် သူတို့ရဲ့အန်ဖီးလ်ကွင်းကနေ အသက်လက်တီကိုအသင်းကို ကြိုဆိုနေမယ်ဆိုပြီး Mind Game စကားဆိုခဲ့သလို အသင်းရဲ့ဘယ်နောက်ခံကစားသမား ရောဘတ်ဆန်ကလည်း အန်ဖီးလ်မှာ အသက်လက်တီကို ပြန်လည်အနိုင်ယူပြမယ်လို့ ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။ ရောဘတ်ဆန်က “တကယ်တော့ ဒီထောင့်ကန်ဘောမရခင် သူတို့ရရှိခဲဲ့တဲ့ လက်ပစ်ဘောက အမှန်ဆို ကျွန်တော်တို့ရသင့်တာပါ။ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အမှားတွေပေါ့လေ”

Photo Credit : Getty Images

“ဒီပွဲမှာ ကျွန်တော်တို့တွေက ပိုကောင်းအောင်ကစားနိုင်ခဲဲ့ပါတယ်။ ဒီထက်မကအောင်းအောင်လည်း ကစားနိုင်ပါသေးတယ်။ ကံကောင်းတာက ဒုတိယအကျော့ ကျန်ရှိနေသေးတာပါပဲဲ။ ဆီမြွန်နီလုပ်နေတာကိုလည်း ကြည့်ကြပါဦး။ သင့်အနေနဲ့ သူရဲ့အသင်းယှဉ်ပြိုင်နေတာမျိုး မဟုတ်တဲ့အချိန်မှာဆိုရင်တော့ သူရဲ့ပုံစံက ကြည့်ကောင်းတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် မသိရင် ဖလားရလို့ အောင်ပွဲခံနေသလိုနဲ့။ ကျွန်တော်တို့မှာက ပရီးမီးယားလိဂ်ဘက်မှာလည်း အာရုံစိုက်ဖို့ ရှိနေပါသေးတယ်။ ပြီးရင်တော့ အန်ဖီးလ်မှာ ပြန်လည်ဆုံကြတာပေါ့” လို့ ပြောဆိုလို့သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အခုလို စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကို ပထမအကျော့မှာ ၃ဂိုး၁ဂိုးနဲဲ့ အရေးနိမ့်ခဲဲ့ရပေမယ့် အန်ဖီးလ်မှာ ပြန်လည်ကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ၄ဂိုးပြတ်နဲ့ကို အနိုင်ရယူပြီး ဘာစီလိုနာကို လှလှပပ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် အခုလည်း အန်ဖီးလ်မှာ လီဗာပူးလ်အတွက် အခွင့်အရေးရှိနေဦးမှာ သေချာပါတယ်။