နိုင်ငံတကာ စာမျက်နှာတွေပေါ်မှာ ကြက်တောင်ရိုက် အားကစားနည်းနဲ့ မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာကတော့ ယခုလမှာ ကျင်းပတော့မယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ကြောင်း သိရပါတယ်။

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၆၅မှာ ရပ်တည်နေတဲ့ ကမ္ဘာ့ထိပ်တန်း ကြက်တောင်ရိုက် ကစားသမားတွေထဲက တဦး ဖြစ်ပြီး တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ သက်ထားသူဇာအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမယ့် အကြောင်းကို ယနေ့မှာပဲ ကမ္ဘာကြက်တောင် အားကစား အဖွဲ့ချုပ် (Badminton World Federation) (BWF) က ထုတ်ပြန် ကြေညာသွားပါတယ်။

Photo Credit: Myanmar Times

BWFရဲ့ ထုတ်ပြန် ကြေညာချက်အရ သက်ထားသူဇာဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ တဦးချင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့မှာ ဖြစ်ကာ သူမအပါအဝင် အခြားနိုင်ငံအလိုက် ပြိုင်ဖက် ၄၃ဦး အထိ ရွေးချယ် ခံထားရကြောင်း သိရပါတယ်။

အခုချိန်မှာတော့ သက်ထားသူဇာဟာ သူမရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာကြောင်းနဲ့ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူမရဲ့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Myanmar Times

သက်ထားသူဇာက – “သက်ထား နှစ်တွေချီပြီး မျှော်လင့်နေတဲ့ အိမ်မက်တွေ တကယ် ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ် ဝင်ခွင့် ရခဲ့ပါပြီ။ အားလုံး ခက်ခဲနေကြတဲ့အချိန် စိတ်တွေ ညစ်ညူးနေရတဲ့ အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်အောင်လို့ပါ။ သက်ထားက မြန်မာပြည်သူပြည်သား အားလုံး အတွက် အကောင်းဆုံး ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သား အားလုံးရဲ့ အောင်ြမင်မှုတွေပါပဲ” လို့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အိုလံပစ်ပြိုင်ပွဲဆိုတာဟာ ကမ္ဘာပေါ်မှာ အထင်ကရ အဖြစ်ဆုံး ပြိုင်ပွဲတခု ဖြစ်တာကြောင့် သက်ထားသူဇာ တယောက် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူရတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ပါစေကြောင်းနဲ့ သူမ မျှော်မှန်းထားတဲ့ ကမ္ဘာ့အဆင့် ကြက်တောင်ရိုက် ချန်ပီယံ ဖြစ်လာပါစေလို့ ကျွန်တော်တို့ MYSPORT MYANMAR က လေးစားသမှုနဲ့ ဆုတောင်းပေးလိုက်ပါတယ်။