MySport Myanmar

နည်းပြ တန်ဟက်ဂ် နဲ့ ဗာရန်းတို့ကြား အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းထွက်လာခဲ့

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ နောက်ခံ ကစားသမား ရာဖယ်လ် ဗာရန်းတို့ရဲ့ကြား ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဗာရန်းကလည်း ယူနိုက်တက်ကနေ ထွက်ခွာချင်နေတယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ ပြင်သစ် လက်ရွေးစင် ဝါရင့် ခံစစ်ကစားသမားကြီး ဗာရန်းနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့ပေမယ့် တကယ်လို့ အသင်းပြောင်းမယ်ဆိုရင် လာမယ့်နွေမှသာ အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။

Photo Credit : Mufcmpb X

ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ဗာရန်း နဲ့ နည်းပြ တန်ဟက်ဂ်တို့ကြားမှာ ဆက်ဆံရေး အဖုအထစ်တွေ ရှိလာခဲ့ရပြီး မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း သူ့ကို ကစားခွင့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး ဗာရန်းက တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မပျော်မရွှင် ဖြစ်လာခဲ့ရပါတယ်။

ပိုဆိုးတာက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်မှု များစွာ ရယူခဲ့ပြီး ရီးယဲလ်ရဲ့ legend player တစ်ယောက်လို့ပါ သတ်မှတ်နိုင်တဲ့ ဗာရန်းက ဂျွန်နီ အီဗန်စ်လို ကစားသမားမျိုးရဲ့ အရန်ကစားသမား ဖြစ်နေရခြင်းကို လက်မခံနိုင်တာကြောင့် အခုလို တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Independent

လက်ရှိမှာတော့ ဗာရန်းက ဒီဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ခေါ်ယူချင်နေသလို ဆော်ဒီကလပ်အသင်းတွေကလည်း ဗာရန်းရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ဒါပေမယ့် တန်ဟက်ဂ်ကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေခြင်းနဲ့ ရှေ့လျှောက် ပွဲဆက်များစွာ ကစားရတော့မယ့် အခြေအနေမျိုးမှာ ဗာရန်းကို လက်လွတ်မသွားချင်သေးပဲ အနည်းဆုံး ဒီရာသီအကုန်အထိ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version