ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ ပြင်သစ်လီဂူးကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက သူရဲ့ခြေထောက်ဒဏ်ရာ မသက်သာနိုင်သေးတာကြောင့် အသင်းကို ရောက်ရှိပြီး လအတန်ကြာတဲ့အထိ အသင်းအတွက် တစ်ပွဲမှကို မကစားနိုင်သေးပဲ ဖြစ်နေရပါတယ်။ ဒီအခြေအနေကိုလည်း ပီအက်စ်ဂျီအသင်းဘက်ကနေ စိတ်ပျက်လာခဲ့ပြီး ရာမို့စ်နဲ့ပါ စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le Parisien က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Flipboard

အသက်(၃၅)နှစ်အရွှယ်ရှိ နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်ကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက် ပီအက်စ်ဂျီအသင်းကို ရွေးချယ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်က ပီအက်စ်ဂျီကို စတင်ပြောင်းရွှေ့လာကတည်းက ခြေထောက်ဒဏ်ရာ ခံစားနေရတာကြောင့် အသင်းရဲ့ ပွဲစဉ်ပေါင်းများစွာကို လွဲချော်ထားခဲ့ရသလို ဒီအခြေအနေကို ပီအက်စ်ဂျီဘက်ကနေ စိတ်ပျက်လာကာ စာချုပ်ဖျက်သိမ်းဖို့အထိ စီစဉ်လာနိုင်တယ်လို့ Le Parisien က ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်လာမှုအပေါ် ရာမို့စ်ရဲ့အစ်ကိုလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ရီနေးရာမို့စ်က ငြင်းဆန်ပယ်ချသွားခဲ့ပြီး အသင်းနဲ့သာ ဆက်လက်ပါဝင်သွားဦးမှာလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ရီနေးက “ဆာဂျီယိုရာမို့စ်က ဘောလုံးသမားဘဝကနေ အနားယူသွားဖို့အတွက် အစီအစဉ်လည်း မရှိနေသလို အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း ဖျက်သိမ်းပစ်ဖို့ ဆန္ဒမရှိပါဘူး။ ဆာဂျီယိုနဲ့ပတ်သက်ပြီးတော့ ဘာသံသယမှ ဝင်နေစရာ မလိုပါဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာ ပြသာနာရပ် တစ်ခုပါပဲ။ သူ ဒီအရာကနေ ပြန်လည်ကောင်းမွန်လာရင် သူပြန်ကစားပါလိမ့်မယ်” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ရီနေးရဲ့ တုံ့ပြန်မှုအပြင် ပီအက်စ်ဂျီအသင်းဘက်ကနေလည်း သူတို့ရဲ့ ကစားသမား ရာမို့စ်အနေနဲ့ လာမယ့် ရက်သတ္တပတ်အတွင်းမှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်စတင်နိုင်တော့မှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ တကယ်လို့သာ ရာမို့စ်အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဘာပြသာနာမှမရှိပဲ ပါဝင်နိုင်ခဲ့မယ်ဆိုရင်တော့ နိုင်ငံတကာ ရက်သတ္တပတ်အပြီး နိုဝင်ဘာ(၂၀)ရက်နေ့ နန့်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် လီဂူးဝမ်းပွဲစဉ်မှာပဲ ပီအက်စ်ဂျီအတွက် စတင်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း မက်ဆီ ရာမို့စ် ဒွန်နာရမ်မာ ဝိုင်နယ်လ်ဒမ်းစ် ဟာကီမီနဲ့ နူနိုမန်ဒက်စ်တို့ကို ခေါ်ယူထားပေမယ့် ရာမို့စ်တစ်ဦးတည်းသာ အသင်းအတွက် အခုချိန်ထိ မပါဝင်နိုင်သေးတာ ဖြစ်ပါတယ်။