ဒီနွေမှ ဘိုင်ယန်မြူးနစ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန် နောက်ခံကစားသမား ဒီလစ်ဟာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားနဲ့ ဘာမှ ကွာခြားမှု မရှိတဲ့ ကစားသမားလို့ ပေါလ်စခိုးက သုံးသပ် ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းက ဒီနွေမှာ ခံစစ်ပိုင်းအတွက် ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ ယိုရိုတို့အပြင် ညာနောက်ခံလူ မာဇာရာဝီကိုပါ ခေါ်ယူဖြည့်တင်းခဲ့ပြီး လက်ရှိမှာ ယိုရိုက ဒဏ်ရာ ပြဿနာကြောင့် အနားယူနေရချိန် ဒီလစ်နဲ့ မာဇာရာဝီတို့ပဲ အသင်းအတွက် ပါဝင်ကစားနေရပါတယ်။
Photo Credit : Stretty News
ယူနိုက်တက်က အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ ဗာရန်း ထွက်ခွာသွားသလို လီဆန်ဒရို မာတီနက်ဇ်ကလွဲပြီး မက်ဂွိုင်းယား လင်ဒီလော့ အီဗန်စ်တို့ကလည်း စိတ်ချရတဲ့ ကစားသမားတွေ ဖြစ်မနေတာကြောင့် လူငယ် ခံစစ်မှူးလေး ယိုရိုအပြင် အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ဟောင်း ဒီလစ်ကိုပါ အရ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဒီလစ်က မာတီနက်ဇ်နဲ့အတူ တွဲဖက်ပြီး ယူနိုက်တက် ခံစစ်တန်းမှာ ပြိုင်ပွဲစုံ (၇)ပွဲအထိ ပါဝင်ကစားထားကာ သွင်းဂိုး (၁)ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် အသင်းရဲ့ ခံစစ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး လီဗာပူးလ် စပါးတို့လို အသင်းကြီးတွေနဲ့ ပွဲစဉ်တွေမှာလည်း ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : The Sun
ဒီလစ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ်စခိုးက “ခင်ဗျားက အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူတဲ့အခါမှာ ခင်ဗျား ရရှိထားပြီးသား ကစားသမားတွေထက် အများကြီး ပိုကောင်းလာဖို့ မျှော်လင့်တတ်ကြပါတယ်။”
“အခုတော့ အသစ် ရောက်လာတဲ့ ကစားသမားတွေက ကြီးမားတဲ့ ခြားနားချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော် မမြင်မိပါဘူး။ ဒီလစ်က မက်ဂွိုင်းယားနေရာအတွက် ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် ကြီးကြီးမားမား ကွာခြားမှု ရှိမနေဘူးလို့ပဲ ကျွန်တော် ပြောပါရစေ။” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒီလစ်ဟာ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ် အမြဲဖြစ်ခဲ့တဲ့သူဖြစ်ပြီး ဒီနွေမှသာ ယူရို (၄၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။