မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဂယ်ရီနဖီးလ်က သူရဲ့အသင်းဟောင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အတွင်း ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ပြီးမှ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ လှည့်ပြန်လာခဲ့ရခြင်းဟာ ဘေးအန္တရာယ်တစ်ခု ကြုံတွေ့ရခြင်းလိုမျိုး အရမ်းဆိုးရွှားလွန်းတဲ့ အရာမဟုတ်သလို ဒီရှံးပွဲကြောင့် နည်းပြအိုလေဂန်နာဆိုးလ်ရှားကိုပါ ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ ပြောဆိုနေတာကလည်း မတရားဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Evening Standard

သရေတစ်မှတ် ရယူခဲ့ရင်ပဲ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရရှိမယ့် ယူနိုက်တက်အသင်းဟာ ဂျာမန်မြေမှာ (၃)ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် (၂)ဂိုး ပြန်လည်သွင်းယူခဲ့ပြီး ပွဲအပြီးမှာ (၃)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နဖီးလ်က “ယူနိုက်တက် ရှုံးနိမ့်လိုက်ပြီဆိုတာနဲ့ စိတ်ပျက်စရာကောင်းတဲ့ ရုပ်သံတင်ဆက်သူတွေက ဒီရှုံးပွဲကပဲ ယူနိုက်တက်အတွက် ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရသလိုကို ပြောဆိုနေကြတယ်။ ဒါက စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့်လည်း အရမ်းဆိုးရွှားလွန်းတဲ့ အရာတော့မဟုတ်ပါဘူး”

Photo Credit : Sky Sports

“အခုလို အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်ဆိုတာကလည်း အဲလက်စ်ဖာဂူဆန်လက်အောက်မှာကတည်းက ဖြစ်ခဲ့တာပဲလေ။ ဒါတွေက ဖြစ်ခဲ့ဖူးပါတယ်။ အခုအချိန်က အသင်းအတွက် မှောင်မိုက်တဲ့ အချိန်တစ်ခုလို့ ဖြစ်နေရပါတယ်။ အခုလက်ရှိ ယူနိုက်တက်အသင်းရဲ့အောက်မှာ ရပ်တည်နေရတဲ့ ကလပ်အသင်းတွေရဲ့ နည်းပြတွေများစွာ ရှိနေတယ်ဆိုပေမယ့် နာမည်ကောင်းတွေ ရနေပြီးတော့ ဆိုးလ်ရှားလို ဖိအားမျိုးတွေကိုလည်း ရင်ဆိုင်နေရခြင်း မရှိပါဘူး။ တကယ်လို့ ယူနိုက်တက်အနေနဲ့ စနေနေ့ညမှာသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အိုလေရဲ့အသင်းဟာ အခိုက်အတန့်ကောင်းကြီးတစ်ခုဆီ ပြန်လှည့်သွားဖို့ ဖြစ်လာနိုင်တော့မှာပါ။ ကျွန်တော်ကတော့ ဒီနေ့စနေ့မှာ ရင်ဆိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်က အသင်းနည်းပြအတွက်ရော အသင်းသားတွေအတွက်ပါ အရေးအကြီးဆုံး အခိုက်အတန့်တစ်ခုလို့ ထင်မိပါတယ်။ အသင်းက လိုက်ပ်ဇစ်နဲ့ပွဲမှာ ပထမပိုင်း မိနစ်(၃၀)အတွင်း ကစားပုံ ညံဖျင်းလွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ကစားပုံညံဖျင်းမှုကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အထိကို အပြစ်ပေးခံလိုက်ရတာပါ။ အခု အသင်းက ယူရိုပါလိဂ်ကို ရောက်သွားပြီဖြစ်လို့ အဲ့ဒီမှာ အကောင်းဆုံးကစားခဲ့ပြီး ဖလားရယူသင့်ပါတယ်။ လက်ရှိမှာတော့ ဆိုးလ်ရှားကို အသင်းကနေ ထုတ်ပယ်ခံရအတွက် လုပ်ဆောင်နေသလိုပါပဲ။ ဒါကလည်း မတရားပါဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။