ရှက်ဖီးယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ ခရစ်ဝိုင်းလ်ဒါက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝေးလ်စ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်အနေနဲ့ အသင်းဟောင်းစပါးအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ မလုပ်ဆောင်သင့်ပဲ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာသာ ဆက်လက်ရှိနေသင့်ကြောင်းနဲ့ မက်ဒရစ်မြို့မှာဆိုရင် အလွန်သာယာတဲ့ ဂေါ့ဖ်လ်ရိုက်စရာနေရာတွေ များစွာရှိနေမှာဖြစ်တဲ့ စပါးအသင်းဆီကို ပြန်လည်မပြောင်းရွှေ့ပဲ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ရှိနေသင့်တယ်လို့ နောက်ပြောင်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ၂၀၁၃ခုနှစ်ကမှ စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)နှစ်အထိ ဖြတ်သန်းခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား(၄)လုံးနဲ့ စပိန်လာလီဂါဖလား(၂)လုံးတို့ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့သာ ရင်ဆိုင်နေခဲ့ရပြီး ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ရီးရဲလ်အသင်းနည်းပြ ဇီဒန်းကနေ ဘေးလ်ကို အသင်းက ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Marca

ဒီလို အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ဘေးလ်ကို အသင်းဟောင်းစပါးကနေ ပြန်လည်ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီဖြစ်လို့ မကြာခင်မှာ အပြောင်းအရွှေ့အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ်ဝိုင်းလ်ဒါကတော့ ဘေးလ်ကို ပရီးမီးယားလိဂ်ဆီ မလာစေချင်ကြောင်း နောက်ပြောင်ပြောဆိုလာခဲ့ပါတယ်။ ဝိုင်းလ်ဒါက “ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ကို ပြန်လည်တတ်လှမ်းလာခွင့်ရခဲ့တဲ့ နှစ်လောက်ကတည်းက ကျွန်တော်ပြောခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက အီဒင်ဟာဇက်က ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့လုပ်ဆောင်နေတာ။ ကျွန်တော်အဲ့တုန်းက သူ့ကို လေဆိပ်ထိကို လိုက်ပို့ဆောင်ပေးချင်တာ။ အခုလည်း ဂါရတ်ဘေးလ်ကို မက်ဒရစ်မှာပဲ ဆက်လက်ရှိနေချင်ပါတယ်။ မက်ဒရစ်က အရမ်းကို လှပသာယာတဲ့ နေရာလေးတစ်ခုပါ။ ပြီးတော့ ဂေါ့ဖ်လ်ကောင်းကောင်းရိုက်လို့ရမယ့် နေရာတွေကလည်း အများကြီးပဲလေ။ ဒါကြောင့်မို့ ဒီကိုရောက်လာပြီး ငါတို့အားလုံးကို အခက်တွေ့အောင် မလုပ်ပါနဲ့ကွာ” လို့ နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဘေးလ်ကတော့ စပါးအသင်းဆီကို တစ်ရာသီအငှားနဲ့ ရောက်ရှိလာဖို့က အနီးစပ်ဆုံးဖြစ်လို့နေပြီး နောက်ထပ်ရီးရဲလ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကိုပါ တစ်ပါတည်းခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။