MySport Myanmar

သူတို့အသင်းက မက်ဆီကို ရှိန်နေမှာ မဟုတ်ဘူးလို့ သီအိုဟာနန်ဒက်ဇ် ဖွင့်ဟ

မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့်ဆီ (၂)ကြိမ်ဆက်တိုက် တတ်လှမ်းလာခဲ့ရတဲ့ ပြင်သစ်အသင်းဟာ အခုဆိုရင် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည် ထိန်းသိမ်းသွားနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဖိုင်နယ်မှာ အာဂျင်တီးနားရဲ့ legend hero ကြီး လီယွန်နယ်မက်ဆီနဲ့ ရင်ဆိုင်သွားရမှာကိုလည်း သူတို့အသင်းဘက်က ကြောက်လှန့်နေမှာ မဟုတ်ဘူးလို့ ပြင်သစ်ကစားသမား သီအိုဟာနန်ဒက်ဇ်က ပြောကြားလာခဲ့ပါတယ်။

Photo Credit : Sporting News

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ အာဂျင်တီးနားက ခရိုအေရှားကို (3-0) ပြင်သစ်က မော်ရိုကို ကို (2-0)နဲ့ အသီးသီး အနိုင်ရပြီး ဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အာဂျင်တီးနားရော ပြင်သစ်ရောဟာ ကမ္ဘာ့ဖလားမှာ (၂)ကြိမ်အထိ ဗိုလ်စွဲထားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်နေတာကြောင့် ဒီတစ်ကြိမ် ဗိုလ်စွဲတဲ့ အသင်းက (၃)ကြိမ်ထိ ဗိုလ်စွဲနိုင်တဲ့အသင်း ဖြစ်လာလိမ့်မယ့်အပြင် အာဂျင်တီးနားဆိုရင်လည်း ၁၉၈၆ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ပြန်လည် ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိနေသလို ပြင်သစ်ဆိုရင်လည်း (၂)ကြိမ်ဆက် ဗိုလ်စွဲနိုင်မယ့် အခြေအနေပါ ရှိနေရပါတယ်။

Photo Credit : UK Sports News

လက်ရှိ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ GOAT ကြီး မက်ဆီက အာဂျင်တီးနားအတွက် သွင်းဂိုး (၅)ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားခဲ့နိုင်ကာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ နိုင်ပွဲတိုင်းဟာလည်း မက်ဆီရဲ့ စွမ်းဆောင်ရည်တွေ လွတ်ကင်းတဲ့ပွဲရယ်လို့ မရှိလောက်အောင်ပဲ မက်ဆီအခန်းကဏ္ဍာက အာဂျင်တီးနားအတွက် အတော်လေးကို အရေးပါနေခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းရဲ့ ဘယ်ခြမ်းနောက်ခံလူ သီအိုဟာနန်ဒက်ဇ်က သူတို့အနေနဲ့ မက်ဆီကို ရှိန်နေမှာ မဟုတ်ကြောင်း “ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ recover ဖြစ်နေဖို့ လိုအပ်ပါတယ်။ မက်ဆီကို ကျွန်တော်တို့ မကြောက်ပါဘူး။ ဒါပေမယ့် အာဂျင်တီးနားက မယုံနိုင်စရာကောင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ အလုပ်လုပ်ဖို့က ရက်အနည်းငယ်ပဲ ရှိနေပါတော့တယ်။ အခုတော့ ကျွန်တော်တို့ ဖိုင်နယ်အကြောင်းကို တွေးရတော့မယ်။ ကျွန်တော်တို့ ပင်ပန်းနေကြပေမယ့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့တာဟာ အရမ်းကောင်းပါတယ်” လို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။

Exit mobile version