ဒီရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေတဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သူ လူကာကူကို ပြောင်းရွှေ့ကြေးများစွာနဲ့ အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေတယ် ချယ်လ်ဆီးအသင်းဆီကို ရောင်းချသွားဖို့ အင်တာမီလန်အသင်းပိုင်ရှင်တွေက ဆန္ဒရှိလို့နေပြီး လူကာကူကို အလျင်အမြန် ရောင်းချဖို့အတွက်ကိုပါ အင်တာအသင်း ဒါရိုက်တာတွေကိုတောင် ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Sempreinter

အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင် ချန်ကျန်းရန်ဆိုသူက ပိုင်ဆိုင်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား လူကာကူကို အသင်းမှာ ဆက်ထိန်းထားဖို့ထက် မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူခဲ့စဉ်က အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုရရှိနိုင်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းခံလာရချိန်မှာ အသင်းကနေ ပြန်လည်ရောင်းထုတ်လိုနေတာဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာတော့ အင်တာနည်းပြ အင်ဇာဂီအပါအဝင် အသင်းတာဝန်ရှိသူတွေကပါ စိတ်ပျက်လျက် ရှိနေကြပါတယ်။

Photo Credit : Chelsea News

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ထိပ်တန်းတိုက်စစ်ကစားသမား လူကာကူဟာ ၂၀၁၉ခုနှစ်ကမှ ယူနိုက်တက်အသင်းကနေ အင်တာမီလန်ဆီကို ယူရိုသန်း(၈၀)ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၆၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အီတလီမြေမှာ မထင်မှတ်ထားလောက်အောင်ကို စွမ်းဆောင်ပြနိုင်ခဲ့တဲ့ လူကာကူကို သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကနေ ဒီနွေစျေးကွက်အတွင်း ပြန်လည်အလိုရှိလာခဲ့ပြီး ယူရုုိသန်း(၁၄၀)ဝန်းကျင်လောက်နဲ့ပါ ကမ်းလှမ်းသွားဖွယ် ရှိနေတဲ့အတွက် အင်တာအသင်းပိုင်ရှင်တွေက အသင်းအတွက် အမြတ်အစွန်းများစွာ ရရှိနိုင်မယ့် အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဒါရိုက်တာတွေ အသင်းရဲ့ အမှုဆောင်နဲ့ အသင်းနည်းပြတွေကတော့ လူကာကူလို တစ်ရာသီကို သွင်းဂိုး(၃၀)နဲ့အထက် သွင်းယူပေးနိုင်တဲ့ အဓိက ကစားသမားမျိုးကို လုံးဝ လက်လွတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး Zhang မိသားစုရဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမကျတဲ့ အသင်းဒါရိုက်တာတချို့ကတော့ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ပါ ရှိလို့နေပါတယ်။