ဒီတစ်ပတ်မှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာ လီဗာပူးလ်က စပါးနဲ့ပွဲစဉ်အတွင်း အမှတ်လျော့ခဲ့ပေမယ့် မန်စီးတီးကတော့ သူတို့ရဲ့အိမ်ကွင်း အယ်တီဟတ်မှာ နယူးကာဆယ်ကို (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့လို့ အခုဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဒုတိယနေရာက လီဗာပူးလ်ကို (၃)မှတ် ဖြတ်တောက်နိုင်လိုက်ပြီဖြစ်လို့ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ အခြေအနေ ပိုကောင်းလာခဲ့ရပါတယ်။

Photo Credit : Twitter

မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ အကြိတ်အနယ် ပြိုင်ဆိုင်နေကြပြီး ပန်းဝင်ခါနီးမှာပဲ လီဗာပူးလ်က စပါးနဲ့ ယှဉ်ပြိုင်နေစဉ် တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရင်း မန်စီးတီးက နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နှစ်သင်းကြား အမှတ်ကွာဟမှုက (၃)မှတ်ထိ ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးက ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားဖို့ အခြေအနေကောင်းနေရပေမယ့် အင်္ဂလန်နိုင်ငံမှာရှိတဲ့ လူတိုင်းနီးပါးကတော့ သူတို့အသင်းထက် လီဗာပူးလ်အသင်းကိုသာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်စေချင်ကြတယ်လို့ စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Twitter

နည်းပြဂွာဒီယိုလာက “လူတွေက ကျွန်တော်တို့အသင်းထက် လီဗာပူးလ်ကိုပဲ ချန်င်္ပယံ ဖြစ်စေချင်တယ်။ ဒါက ပြသာနာတစ်ခုတော့ မဟုတ်ပါဘူး။ သာမာန်ကိစ္စတစ်ခုပါပဲ။ သူတို့မှာက တစ်ကမ္ဘာလုံးက အားပေးကြတဲ့ ပရိသတ်တွေ အများကြီး ရှိနေနိုင်သလို ကျွန်တော်တို့ထက်လည်း ပရိသတ်ပိုများနိုင်ပါတယ်။ ဒီနိုင်ငံမှာ နေထိုင်ကြတဲ့ လူတိုင်းနီးပါးကတော့ လီဗာပူးလ်ကို သေချာပေါက် အားပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းဟာ ဥရောပပြိုင်ပွဲတွေအတွင်း မယုံကြည်နိုင်စရာ သမိုင်းကြောင်းတွေ ရှိထားခဲ့လို့ပါပဲ။ ပရီးမီးယားလိဂ်မှာကတော့ အနှစ်(၃၀)လောက်နေမှ တစ်ကြိမ်လောက် ဗိုလ်စွဲထားတာဆိုတော့လေ။ ဒါပေမယ့် ဒါက လုံးဝ ပြသာနာတော့ မဟုတ်ပါဘူး။ လီဗာပူးလ် မန်ယူနိုက်တက် အသင်းတွေက သူတို့အသင်းတွေ အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ အလွန်ကျော်ကြားခဲ့တဲ့ အသင်းတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ (၁၀)နှစ် (၁၁)နှစ် (၁၂)လောက်ကမှ ဒီလိုနေရာကို ရောက်လာခဲ့ရတာပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ကြောင့် လူတွေ အဆင်မပြေဘူးဆိုတာ သိနေရပေမယ့် ကျွန်တော်ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။