ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရပြီး ဒီရာသီမှာလည်း အသင်းက ဆာဂျီယိုအဂွဲရိုးနဲ့ မန်ဖစ်ဒီပိုင်းတို့လို တိုက်စစ်ကစားသမားသစ်တွေ အားဖြည့်တင်းထားဖြစ်လို့ နေရာပျောက်ဖို့က သေချာသလောက် ရှိလို့နေတဲ့ ဒိန်းမတ်တိုက်စစ်ကစားသမား မာတင်ဘရေ့ဝိတ်ဟာ လက်ရှိအခြေအနေတွေကြောင့် ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ရဖို့ နီးစပ်နေသလို သူ့ကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Photo Credit : My Soccer Hub

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘရေ့ဝိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဖေဖော်ဝါရီလ လီဟာနက်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို သူရဲ့စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ယူရို(၁၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘရေ့ဝိတ်ဟာ ဘာစီလိုနာအသင်းမှာ ခပ်မြန်မြန်အထိုင်ကျခဲ့ပေမယ့် သူ့ကို ဘာစီလိုနာဘက်ကနေ အသင်းမှာ ရေရှည်မထားချင်တဲ့အပြင် စျေးကွက်ထဲမှာလည်း တိုက်စစ်မှူးသစ်တွေ ခေါ်ယူထားခဲ့တာကြောင့် ဘရေ့ဝိတ်ကို နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Photo Credit : FC Barcelona

ဒီလို အနာဂတ် မတည်မငြိမ် ဖြစ်နေရတဲ့ ဒိန်းမတ်တိုက်စစ်ကစားသမား ဘရ့ဝိတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေကြပြီး နောက်ခံကစားသမား ဘင်ဝှိုက်ကို အာဆင်နယ်အသင်းဆီ ပေါင်သန်း(၅၀)နဲ့ ရောင်းချသွားဖွယ် ရှိနေတဲ့ ဘရိုက်တန်အသင်းက ဘရေ့ဝိတ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်လို့နေပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုဗစ်ဂယက်ကြောင့် အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကိုပါ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် အသင်းမှာ အံ့မဝင်တဲ့ ကစားသမားတွေ များစွာကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသင်းရဲ့ အရောင်းစာရင်းထဲမှာလည်း ဘရေ့ဝိတ်ပါ ပါဝင်လို့နေပါတယ်။ ဘာစီလိုနာအသင်းဟာ ဘရေ့ဝိတ်အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းဝန်းကျင်လောက်နဲ့ ရောင်းချသွားဖို့ ရှိနေပြီး ဘရိုက်တန်ဘက်ကလည်း ဘင်ဝှိုက်ကို ရောင်းချလို့ ရရှိလာမယ့် ငွေကြေးနဲ့ ဘရေ့ဝိတ်ကို ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘရေ့ဝိတ်ကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ဆောက်သမ်တန်အသင်းတွေကလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။