အီတလီစီးရီးအေရဲ့ဂိုးသွင်းအများဆုံးနေရာလုပွဲမှာ လာဇီယိုတိုက်စစ်မှူးအင်မိုဘီလီရဲ့နောက် ဒုတိယနေရာနဲ့ပဲ ကျန်ရစ်ခဲ့ရတဲ့ ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၀ခုနှစ်အတွင်းမှာ သွင်းဂိုးတွေများစွာကို ရယူနိုင်ခဲ့ပေမယ့်လည်း ဒီနှစ်အတွင်း ဥရောပဘောလုံးပြိုင်ပွဲတွေထဲကမှ အဆုံးသတ်အကောင်းဆုံး တိုက်စစ်ကစားသမားတွေရဲ့စာရင်းမှာပါ တတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြန်ပြီး သူရဲ့အထက်မှာ စီးရီးအေက တိုက်စစ်မှူးဖြစ်တဲ့ မူရီရယ်နဲ့ ဘွန်နာဇိုလီတို့က အသီးသီးရပ်တည်နေခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီတိုက်စစ်ကစားသမားကြီး ရော်နယ်ဒိုဟာ ၂၀၂၀ခုနှစ် ဇန်ဝါရီလ (၆)ရက်နေ့မှာ စတင်ကစားခဲ့တဲ့ ကာဂလီယာရီအသင်းနဲ့ စီးရီးအေပွဲစဉ်ကနေစတင်ပြီး သွင်းဂိုးတွေ ဆက်တိုက်ရယူခဲ့ရာ ပွဲစဉ်(၃၆)အထိ စီးရီးအေသွင်းဂိုး(၂၁)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ရိုးမားအသင်းနဲ့ ကစားခဲ့ရတဲ့ စီးရီးအေနောက်ဆုံးပွဲနဲ့ ဘရက်စီယာနဲ့ကစားခဲ့တဲ့ပွဲတွေကလွဲပြီး ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ရတာကြောင့် သူကစားခဲ့တဲ့မိနစ်နဲ့ သွင်းဂိုးအရေအတွက်ကို အချိုးကျကြည့်မယ်ဆိုရင် ရော်နယ်ဒိုဟာ (၈၁)မိနစ်တိုင်းမှာ သွင်းဂိုးတစ်ဂိုးရယူနိုင်တယ်ဆိုတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : CA Posts

ဒီရလဒ်က မဆိုးလောက်ဘူးဆိုပေမယ့် သူ့ထက် ပွဲချိန်နည်းနည်းကစားပြီး ဂိုးများများသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူး(၂)ယောက်က ၂၀၂၀အတွင်း ဥရောပပြိုင်ပွဲအတွင်းမှာ အဆုံးသတ်အကောင်းဆုံးအဖြစ် ပထမနေရာနဲ့ ဒုတိယနေရာတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ပထမနေရာကို ပိုင်ဆိုင်ထားခဲ့သူကတော့ အတ္တလန်တာအသင်းရဲ့တိုက်စစ်ကစားသမားလူးဝစ်မူရီရယ်ပါ။ ဒီကိုလံဘီယာတိုက်စစ်မှူးက ၂၀၂၀ခုနှစ်အတွင်းမှာ စီးရီးအေသွင်းဂိုး(၈)ဂိုးသာ သွင်းယူထားတာဆိုပေမယ့် သူက အတ္တလန်တာရဲ့ပွဲထွက်စာရင်းမှာ ပါဝင်ရတာမျိုးမဟုတ်ပဲ အရန်တိုက်စစ်မှူးအဖြစ်နဲ့သာ ဝင်ရောက်ကစားရင်းနဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ မူရီရယ်ကတော့ (၆၁)မိနစ်တိုင်းမှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့သူကတော့ ဆမ်ဒိုရီးယားအသင်းရဲ့ အီတလီတိုက်စစ်ကစားသမား ဖရက်ဒရစ်ကိုဘွန်နာဇိုလီပါ။ ဒီနှစ်ရာသီမှာ ဆမ်ဒိုးအသင်းအတွက် မယ်မယ်ရရ ကစားပေးရခြင်းမရှိသေးတဲ့ ဒီတိုက်စစ်မှူးက ရာသီကုန်ခါနီး ပွဲစဉ်(၄)ပွဲမှာ သွင်းဂိုး(၆)ဂိုးကို ရယူခဲ့ပြီး ဒီ(၆)ဂိုးကလည်း သူရဲ့ဒီရာသီ သွင်းယူနိုင်ခဲ့တဲ့ အမြင့်ဆုံးပမာဏပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားခဲ့ရတဲ့ (၃၈၇)မိနစ်မှာ သွင်းဂိုး(၆)ဂိုး ရယူခဲ့လို့ အခုလို ဒုတိယနေရာနဲ့ သတ်မှတ်ခံရသလို ဆမ်ဒိုရီးယားကိုလည်း တန်းမဆင်းရအောင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။