ပီအက်စ်ဂျီအသင်း အရောင်းစာရင်း တင်ထားတဲ့ ပြင်သစ် စူပါစတား တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ တော့တင်ဟမ်ဟော့ စပါးလည်း ပါဝင်နေတယ်လို့ စပိန်နိုင်ငံထုတ် Marca သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

စာချုပ်သစ်ကိစ္စ အဆင်မပြေနိုင်တော့တဲ့ ဘာပေကို ပီအက်စ်ဂျီအသင်းက လာမယ့် ၂၀၂၄ နွေမှာ အလွတ်နဲ့ လက်မလွတ်နိုင်တဲ့အတွက် အခု ၂၀၂၃ နွေမှာပဲ တစ်ခါတည်း ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ရာ ရီးယဲလ် မက်ဒရစ် ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ အယ်လ် ဟီလယ်တို့အပြင် စပါးကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

 

ဘာပေက ပီအက်စ်ဂျီနဲ့ one year option အတိုင်း သက်တမ်းတိုးဖို့ကိုရော နှစ်ရှည် သက်တမ်းတိုးဖို့ကိုပါ ဆန္ဒမရှိပဲ သူရဲ့ စာချုပ်သက်တမ်းဖြစ်တဲ့ ၂၀၂၄အထိသာ အသင်းအတွက် ကစားပေးသွားချင်နေပြီး သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ ဒီလို အလွတ်နဲ့ ထွက်ခွာရင်း ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဘာပေ စီစဉ်ထားတယ်လို့ ပီအက်စ်ဂျီဘက်က ယူဆထားတာကြောင့် ဘာပေကို ဒီလို လုပ်ဆောင်ခွင့် မရအောင် အခု ဈေးကွက်ထဲမှာပဲ ချက်ချင်း ရောင်းချသွားဖို့ စီစဉ်လာခဲ့ပါတယ်။

ဒီလို အရောင်းစာရင်း အတင်ခံထားရတဲ့ ဘာပေကို ချယ်လ်ဆီးအသင်းက စိတ်ဝင်စားလာခဲ့သလို ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံ ကလပ် စပါးအသင်းကလည်း အံ့အားသင့်ဖွယ် စိတ်ဝင်စားလာခဲ့ပါတယ်။ စပါးအသင်းက ဒီနွေမှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွတ်သွားရနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဘာပေကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပေမယ့်လည်း စပါးရော ချယ်လ်ဆီးကပါ ဒီရာသီမှာ ဥရောပဝင်ခွင့်တွေနဲ့ လွဲချော်ထားတာမို့ ဒါက ဘာပေကို ခေါ်ယူရေးမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Sportlens

တစ်ဖက်မှာလည်း ဘာပေကို ဆော်ဒီ တာဝန်ရှိသူတွေက သူတို့ရဲ့ ကလပ်အသင်း အယ်လ် ဟီလယ်ဆီ ဘာပေ ရောက်လာစေဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ပေးနေပြီး တကယ်လို့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့မယ်ဆိုရင်လည်း နေမာရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းကိုပါ ကျော်လွန်းသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

ဒါပေမယ့်လည်း ဘာပေကိုယ်တိုင်ကတော့ ဥရောပ ဘောလုံးနယ်ပယ်မှာသာ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းလိုနေပြီး သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိလည်း ပီအက်စ်ဂျီမှာသာ ဆက်လက် ကစားချင်နေသလို သက်တမ်း ကုန်ဆုံးမှသာ သူရဲ့အိမ်မက်ကလပ်ဖြစ်တဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။