အရင်တုန်းက စပိန် လာလီဂါ ချန်ပီယံအသင်း နဲ့ စပိန် ကိုပါဒယ်ရေး ချန်ပီယံအသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင်ကြတဲ့ စပိန် စူပါဖလားပြိုင်ပွဲဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကနေ စတင်ပြီး ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပလာခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲ။

ပြောင်းလဲလိုက်တဲ့ ပုံစံအရ ပြိုင်ပွဲဝင် ကလပ်အသင်းက (၄)သင်းထိ ဖြစ်သွားခဲ့ပြီး လာလီဂါ ချန်ပီယံအသင်း ၊ လာလီဂါ ဒုတိယအသင်း ၊ ကိုပါဒယ်ရေး ချန်ပီယံ ၊ ကိုပါဒယ်ရေး ဒုတိယအသင်းတို့ကို ဆီမီးဖိုင်နယ် ပုံစံလို ယှဉ်ပြိုင်စေတာပဲ ဖြစ်ပါတယ်။

Photo Credit : Marca

အခု ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ စပိန် စူပါဖလားပြိုင်ပွဲကိုတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်း ၊ လာလီဂါ ဒုတိယ နဲ့ ကိုပါဒယ်ရေး ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း ၊ ကိုပါဒယ်ရေး ဒုတိယ အိုဆာဆူနာအသင်း နဲ့ လာလီဂါ တတိယ အသက်လက်တီကိုအသင်းတို့ ပါဝင် ဆင်နွဲသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကိုတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး စူပါဖလားကို ကျင်းပမှု ပုံစံသစ်နဲ့ ပြောင်းလဲခဲ့တဲ့ ၂၀၁၉-၂၀ ကတည်းက ဆော်ဒီမှာပဲ စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်တုန်းက ရီးယဲလ်အသင်း ဗိုလ်စွဲခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဘာစီလိုနာက ဗိုလ်စွဲခဲ့ပါတယ်။

Photo Credit : FCB Albiceleste

ဒီရာသီ ပြိုင်ပွဲမှာတော့ လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်းက ကိုပါဒယ်ရေး ဒုတိယအသင်း အိုဆာဆူနာနဲ့ ဆုံတွေ့နေလို့ ပွဲချောင်နေတယ်လို့ သတ်မှတ်နိုင်ပြီး ရီးယဲလ်မက်ဒရစ် နဲ့ အသက်လက်တီကိုတို့ကတော့ မက်ဒရစ်ဒါဘီအဖြစ် တွေ့ဆုံနေရပါတယ်။

ဒီလို ဆုံတွေ့မှုအရ စူပါဖလား ဖိုင်နယ်ဟာ ဘာစီလိုနာ နဲ့ ရီးယဲလ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမယ့် El Clasico ပွဲစဉ်ကြီး ဖြစ်လာနိုင်ပြီး မနှစ်ကဆိုရင်လည်း ဒီနှစ်သင်းပဲ ဖိုင်နယ်မှာ ဆုံတွေ့ခဲ့တာမို့ ၂၀၁၁ နဲ့ ၂၀၁၂ နောက်ပိုင်း စူပါဖလားရဲ့  (၂)ကြိမ်ဆက်တိုက် အယ်လ်ကလက်စီကိုဖိုင်နယ်ကို မြင်တွေ့ခံစားရဖွယ် ရှိနိုင်ပါတယ်။