အသက်အရွှယ်အရ (၄၀)နားကို နီးကပ်လာခဲ့ပေမယ့်လည်း အေစီမီလန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသလျက် ရှိနေသေးတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့အတိုင်း ဆွီဒင်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၉)နှစ်အရွှယ်ရှိ ဆွီဒင်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ ၂၀၁၆ခုနှစ်နောက်ပိုင်းကတည်းက ဆွီဒင်လက်ရွေးစင်အသင်းကနေ အနားယူခဲ့ဖြစ်ပေမယ့် အခု (၅)နှစ်အကြာမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် လက်ရွေးစင်နည်းပြဖြစ်တဲ့ အန်ဒါဆန်ကလည်း မိုဗစ်ကိုု အသင်းမှာ ပြန်လည်ရွေးချယ်သွားခဲ့ပါတယ်။ အခုလို နိုင်ငံလက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားရတော့မယ့်အပေါ် မိုဗစ်က ဝမ်းမြောက်လျက်ရှိနေပြီး သူရဲ့တွစ်တာစာမျက်နှာပေါ်မှာလည်း ဆွီဒင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ သူရဲ့ဓါတ်ပုံနဲ့အတူ “နတ်ဘုရားကြီး ပြန်လာပြီ” ဆိုတဲ့ စာသားကိုပါ ရေးသားဖော်ပြထားခဲ့ပါတယ်။

Photo Credit : SPORTbible

လာမယ့် အောက်တိုဘာလအတွင်းမှာ အသက်(၄၀)ပြည့်မြောက်တော့မယ့် မိုဗစ်ဟာ လက်ရှိမှာလည်း အေစီမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း မီလန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၁)ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုးပေါင်း (၁၆)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ ဒီရာသီ မီလန်အသင်းအတွက် သွင်းဂိုးအများဆုုံး သွင်းယူထားတဲ့ မိုဗစ်ဟာ သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဆွီဒင်အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းဖွယ် ရှိလို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုလက်ရှိမှာတော့ ဒီကောလဟာလတွေက အမှန်တကယ် ဖြစ်လာခဲ့ပြီး မိုဗစ်ကို အဝါရောင်ဂျာစီနဲ့ နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ မိုဗစ်ဟာ ဂျော့ဂျီယာ ကိုဆိုဗိုအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြင် အက်စတိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ဆွီဒင်အသင်းရဲ့ လူစာရင်းထုတ်ပြန်မှုထဲမှာ ပါဝင်လာခဲ့တာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေမှာ မိုဗစ်ကို အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ မိုဗစ်ဟာ ဆွီဒင်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၁၆)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၆၂)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို လက်ရွေးစင်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်နဲ့လည်း သတ်မှတ်ခံထားရပါတယ်။