မနေ့ညက ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်း မိုလီနူးမှာ ကစားသွားခဲ့တဲ့ ဝုလ်ဗ်နဲ့ အစ်ဝစ်ချ်ပွဲစဉ်ကို မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှား လာရောက် ကြည့်ရှုခဲ့တဲ့အတွက် နောက်ဆက်တွဲ သို့လော သို့လော သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။
အထူးသဖြင့်တော့ နောက်ပိုင်း ပွဲစဉ်တွေထဲ ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေတဲ့ ဝုလ်ဗ်အသင်းက လက်ရှိနည်းပြ ဂယ်ရီ အိုနေးလ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆိုးလ်ရှားကို ဆက်သွယ်ထားတာလားလို့ ယူဆချင်စရာလည်း ဖြစ်ခဲ့ရပါတယ်။
Photo Credit : The Sun
ယူနိုက်တက်ကနေ ထုတ်ပယ်ခံရပြီး (၃)နှစ်အတွင်း အသင်းသစ် တစ်သင်းမှကို ကိုင်တွယ်ခဲ့ခြင်း မရှိခဲ့သလို မကြာသေးခင်ကလည်း ဒိန်းမတ် လက်ရွေးစင်အသင်းနဲ့ အသင်းဟောင်း မိုလ်ဒီတို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားတဲ့ ဆိုးလ်ရှားက နော်ဝေ podcast တစ်ခုမှာလည်း သူ့အနေနဲ့ နည်းပြအလုပ်ကနေတောင် အနားယူနိုင်တယ်ဆိုပြီး အရိပ်အမြွက်ပါ ပြောဆိုခဲ့ပါသေးတယ်။
ဒီလို ပြောဆိုထားတဲ့ ဆိုးလ်ရှားက ဖိအားတွေအောက် ရောက်နေတဲ့ ဂယ်ရီ အိုနေးလ်ရဲ့ ဝုလ်ဗ်ပွဲစဉ်ကို မိုလီနူးကွင်းမှာ လာရောက် ကြည့်ရှုနေလို့ ဘောလုံးပရိသတ်တွေက ဆိုးလ်ရှားဟာ ဝုလ်ဗ်နည်းပြသစ်များ ဖြစ်လာတော့မလားဆိုပြီး ထင်ခဲ့ကြပေမယ့် တကယ်တမ်းကတော့ ဆိုးလ်ရှားက အစ်ဝစ်ချ်ကို လာအားပေးခြင်းသာ ဖြစ်ပါတယ်။
Photo Credit : The Daily Mail
အစ်ဝစ်ချ်နည်းပြ ကီရန် မက်ကန်နာက ယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက ယူနိုက်တက်မှာ ဆိုးလ်ရှားနဲ့လည်း လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆိုးလ်ရှားနဲ့ မက်ကန်နာတို့ဟာ အဲ့ဒီအချိန်ကတည်းက အခုထိ ဆက်ဆံရေး ကောင်းမွန်မှုတွေ ရှိနေကြတဲ့ မိတ်ဆွေတွေလည်း ဖြစ်နေပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားရဲ့ သားတော်မောင်တစ်ဦးကပါ အစ်ဝစ်ချ်တောင်းအသင်းကို အားပေးနေသူဖြစ်လို့ အခုလို ဝုလ်ဗ်နဲ့ အစ်ဝစ်ချ်ပွဲကို လာရောက် ကြည့်ရှုခဲ့တာဖြစ်ပြီး အစ်ဝစ်ချ်ကလည်း အဝေးကွင်းမှာ ကွင်းလယ်ကစားသမား ဂျက် တေလာရဲ့ နောက်ကျပွဲသိမ်းအနိုင်ဂိုးနဲ့ အိမ်ရှင် ဝုလ်ဗ်ကို အနိုင်ရသွားခဲ့ပါတယ်။