စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်အတွင်းမှာ အိမ်ရှင်ဗလင်စီယာကို ပင်နယ်တီသွင်းဂိုး(၃)ဂိုး အပါအဝင် နောက်ခံလူဗာရန်းရဲ့ Og ဂိုးအပါအဝင် (၄)ဂိုး(၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပွဲစဉ်အတွင်းမှာ ရီးရဲလ်ဘက်က မပါဝင်နိုင်ခဲ့တဲ့ ကစားသမားတွေ အများကြီးရှိလို့နေပေမယ့် ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးရွေးချယ်ခဲ့သူတွေက မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရတဲ့အတွက် ရီးရဲလ်နည်းပြဇီဒန်းရဲ့ လူစာရင်းရွေးချယ်ပုံက မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : The Real Champs

လတ်တလော ရီးရဲလ်အသင်းမှာ အီဒင်ဟာဇက် ကတ်စ်မဲရိုးနဲ့ မီလီတာအိုတို့(၃)ယောက်လုံးက Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေတာဖြစ်ပြီး အခြားကစားသမားတွေဖြစ်တဲ့ ကာဗာဟယ် နာချို အိုဒရီယိုဇိုလာတို့ဟာလည်း ဒဏ်ရာပြသာနာတွေကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဒီလို ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် ဗလင်စီယာနဲ့ပွဲစဉ်အတွင်းမှာ နည်းပြဇီဒန်းက ကတ်စ်မဲရိုးနေရာအတွက် ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရူးစ်ကို ထည့်သွင်းအသုံးပြုခြင်းမရှိပဲ ဘယ်နောက်ခံနေရာမှာလည်း ဖာလန်းမန်ဒီကို မသုံးပြုပဲ မာဆယ်လိုကိုပဲ ထည့်သွင်းလာခဲ့ပါတယ်။

Photo Credit : Goal

ဘယ်နောက်ခံကစားသမားမန်ဒီကတော့ အခုနိုဝင်ဘာလအတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားခြင်းမခံရတဲ့ ကစားသမားဖြစ်ပြီး အခုလို ပွဲမျိုးမှာ မာဆယ်လိုထက် သူ့ကို ပိုနေရာပေးသင့်တာဖြစ်ပေမယ့် ဇီဒန်းကတော့ မန်ဒီကို ချန်လှပ်ခဲ့ကာ မာဆယ်လိုကို ရွေးချယ်ခဲ့ပါတယ်။ ဒီပွဲမှာ မာဆယ်လိုက မိုဒရစ်ပြီးရင် အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်လို့ သိပ်မထူးခြားခဲ့ပေမယ့် ကိုဗစ်ကူးစက်နေတဲ့ ကတ်စ်မဲရိုးရဲ့နေရာအတွက် ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေရတဲ့ အစ္စကိုကို ရွေးချယ်လာခဲ့တာက အတော်လေးကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ တကယ်ဆို အစ္စကိုထက် နောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုနီကရူးစ်ကို ရွေးချယ်သင့်ခဲ့တာဖြစ်ကာ ကရူးစ်ဆိုရင်တော့ သူရဲ့အရည်အသွေးပိုင်းနဲ့ဆိုရင် အသင်းရဲ့ကွင်းလယ်ပိုင်းကို အကောင်းဆုံးထိန်းကြောင်းနိုင်မှာဖြစ်ပေမယ့် ကရူးစ်ဟာ ဒုတိယပိုင်းအရောက်မှသာ ပါဝင်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ အသင်းအတွက် ပါဝင်ခဲ့ရတဲ့ အစ္စကိုဟာ အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အသင်းရဲ့တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ ဘာမှမယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့ပဲ ဘောလုံးပေးပို့မှုတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့ရပါတယ်။ အခုဆိုရင် ဇီဒန်းရဲ့လူထုတ်ပုံတွေနဲ့ပတ်သက်ပြီး အသင်းအတွင်းမှာပါ မကျေနပ်မိတွေ ရှိနေကြတယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ရပါတယ်။