ပြီးခဲ့တဲ့ဘောလုံးရာသီမှာရော လက်ရှိဘောလုံးရာသီမှာပါ အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသလို့နေတဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ဂျက်ဂရီးလစ်ရှ် ပရီးမီးယားလိဂ်ပြိုင်ပွဲက ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး လာမယ့်နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းလာကြဖွယ် ရှိနေကြလို့ ဗီလာအသင်းဘက်ကနေ သူတို့ရဲ့ အဓိက ကစားသမားအတွက် တန်ကြေးကို ပေါင်သန်းတစ်ရာအထိ သတ်မှတ်ထားတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Independent

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ မနှစ်က ဘောလုံးရာသီမှာပဲ ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ စတင်ကစားခွင့်ရခဲ့ကာ အသင်းကို ပရီးမီးယားလိဂ်ကနေ ပြန်လည်တန်းမဆင်းစေရဖို့အတွက် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဆက်လက်ပြသနေနိုင်တဲ့ ဂရီးလစ်ရှ်ကို မန်ချက်စတာအသင်း(၂)သင်းလုံးက စိတ်ဝင်တစားရှိနေကြလို့ ဗီလာအသင်းဘက်ကနေ သူတို့ကစားသမားအတွက် ထိုက်တန်တဲ့ တန်ကြေးတစ်ခုကို သတ်မှတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပြီး ဂရီးလစ်ရှ်ကိုယ်တိုင်ကပါ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတဲ့ အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က အထမမြောက်လာခဲ့တဲ့အပြင် ဗီလာအသင်းဘက်ကနေလည်း သူတို့ရဲ့အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို စာချုပ်သစ်ပါ ထပ်မံချုပ်ဆိုခဲ့တာကြောင့် ဂရီးလစ်ရှ်အနေနဲ့ ဗီလာမှာ ၂၀၂၅ခုနှစ်အထိ ဆက်လက်ရှိနေရတာ့မှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းဘက်ကနေလည်း အတော်လေးကို စိတ်ဝင်စားလျက် ရှိလို့နေပြီး အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီထက် ဂရီးလစ်ရှ်ကိုပဲ ဦးစားပေးပစ်မှတ်ထားနေတယ်လို့ပါ သိရှိရပါတယ်။ ဂရီးလစ်ရှ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ အသင်းအတွက် သွင်းဂိုးပေါင်း(၁၂)ဂိုးအထိ ပါဝင်ပတ်သတ်လို့ထားပါတယ်။