ပေါ်တူဂီလက်ရွေးစင် ဘောလုံးအသင်းဟာ လက်ရှိနည်းပြ ဖာနန်ဒိုဆန်းတို့စ်ရဲ့နေရာမှာ နောက်ထပ် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြတစ်ဦးဖြစ်သူ ဂျိုဆေးမော်ရင်ဟိုနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားလျက် ရှိနေသလို ပေါ်တူဂီသတင်းမီဒီယာ A Bola ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း ကမ်းလှမ်းမှုပါ ပြုလုပ်ထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၆၈)နှစ်အရွယ်ရှိ ဝါရင့်နည်းပြကြီး ဖာနန်ဒိုဆန်းတို့စ်ဟာ ၂၀၁၄ခုနှစ်ကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေခဲ့တာဖြစ်ပြီး လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါ်တူဂီရဲ့ main player ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ရှုံးထွက်(၂)ပွဲဆက်တိုက် အရန်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကာ သူ့အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။ ဒါ့အပြင် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ကလည်း လက်ရွေးစင်အသင်းကို ကာလရှည်ကြာ ကိုင်တွယ်ခဲ့တဲ့ ဆန်းတို့စ်နေရာမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတာကြောင့် ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုကို ပစ်မှတ်ထားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

နည်းပြဘဝအတွင်း ကလပ်အသင်း မြောက်များစွာ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ဘောလုံးလောကထဲကနေ အနားမယူခင် လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေသူဖြစ်ပြီး သူရဲ့နိုင်ငံ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ်လည်း ဆောင်ရွှက်ချင်နေသူလည်း ဖြစ်ပါတယ်။ ပေါ်တူဂီသတင်းစာ A Bola မှာတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးအတွက် မော်ရင်ဟိုကို ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီလို့ ဖော်ပြလာခဲ့ပြီး မော်ရင်ဟိုကိုယ်တိုင်ကလည်း လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ရိုးမားကို ဆက်လက် ကိုင်တွယ်ရင်း တစ်ဖက်မှာပါ ပေါ်တူဂီနည်းပြ အလုပ်ကိုလည်း ပူးတွဲ လုပ်ဆောင်သွားဖို့ စိတ်ဝင်တစား ရှိနေတယ်လို့ ဖော်ပြလာပါတယ်။ ပေါ်တူဂီရဲ့ လက်ရှိနည်းပြ ဆန်းတို့စ်က ပေါ်တူဂီအသင်းနဲ့ ၂၀၂၄ခုနှစ် ဇူလိုင်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့် အသင်းအတွက် အပြောင်းအလဲတွေ လုပ်ဆောင်ဖွယ် ရှိလာနိုင်တာကြောင့် နည်းပြအပြောင်းအလဲဟာလည်း ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။