ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ၂၀၂၂ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်မှာ ပေါ်တူဂီအတွက် ပွဲထွက်ကစားရခြင်း မရှိပဲ အရန်ခုံမှာသာ ရှိနေရခြင်းအပေါ် မကျေနပ်တာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခြင်းကို ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဘက်က တရားဝင် ထုတ်ပြန် ငြင်းဆိုသွားခဲ့ပါတယ်။

Portugal deny Ronaldo reported World Cup walkout threat

Photo Credit : A Sports

ကမ္ဘာ့ဘောလုံးနယ်ပယ်ရဲ့ GOAT တစ်ဦးလည်းဖြစ်ပြီး ပေါ်တူဂီရဲ့ စူပါစတား ကစားသမားကြီးလည်းဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါ်တူဂီအသင်းရဲ့ အုပ်စုပွဲစဉ်အားလုံးကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပေမယ့် အရေးတကြီး ဖြစ်လာခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်မှာတော့ နည်းပြဖာနန်ဒိုဆန်းတို့စ်က ရော်နယ်လ်ဒိုကို အရန်စာရင်းမှာပဲ နေရာပေးလာခဲ့ပါတယ်။ ရော်နယ်လ်ဒိုက ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက သူ့ကို နည်းပြဆန်းတို့စ် ဘယ်လိုပုံစံနဲ့ပဲ အသုံးပြုပါစေ သူ့ဘက်က လက်ခံသွားမှာလို့ ပြောထားခဲ့ပေမယ့်လည်း အခု အသင်းရဲ့ first lineup ကနေ ချန်လှပ်ခံရချိန်မှာ သတင်းမီဒီယာတချို့က ရော်နယ်လ်ဒိုနဲ့ ဆန်းတို့စ်ကြားသာမက အသင်းနဲ့ပါ ပြသာနာ ဖြစ်နေသယောင်တွေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

 

ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ရော်နယ်လ်ဒိုဟာ သူ့ကို နည်းပြဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာသွားတော့မယ်လို့ ခြိမ်းခြောက်မှုတွေအထိ ပြုလုပ်လာတယ်ဆိုပြီး ဖော်ပြထားခဲ့ရာ ဒီဖော်ပြချက်တွေက လုံးဝ မှားယွင်းနေသလို လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နေတဲ့ ရော်နယ်လ်ဒိုအနေနဲ့ ဘယ်အချိန်တုန်းကမှ အခု ဖော်ပြနေသလို အပြုအမှုကို လုပ်ဆောင်ခဲ့ခြင်း မရှိပါကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ဖြေရှင်းသွားခဲ့ပါတယ်။ ဆက်လက်ပြီး ရော်နယ်လ်ဒိုအနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးရင်းနဲ့ ဘယ်ကစားသမားမှ မယှဉ်နိုင်လောက်တဲ့ စံချိန်မှတ်တမ်းကောင်းတွေကို တည်ဆောက်ထားခဲ့တာဖြစ်လို့ သူရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ်မှာ လေးစားမှု ထားရှိသင့်ကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်ထဲမှာ ပူးတွဲဖော်ပြထားခဲ့ပါတယ်။