အေဂျက်အသင်းဟာ ယနေ့ညမှာပဲ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်ကို ချဲလ်ဆီးအသင်းဆီ ရောင်းချမှာ ဖြစ်ပါတယ်လို့ တွစ်တာမှာ အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ညာတောင်ပံ ကစားသမား ဇီယက်ချ်ဟာ လက်ရှိ ရာသီကုန်အထိ အဂျက်အသင်းမှာပဲ ကစားရမှာ ဖြစ်ပြီး လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ အေဂျက်အသင်းက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ နယ်သာလန်မွေး၊ မော်ရိုကို လက်ရွေးစင် တောင်ပံကစားသမား ဇီယက်ချ်အတွက် ယူရို သန်း (၄၀) ပေးချေရမှာ ဖြစ်ပြီး အခြား စံနှုန်းတွေကြောင့် ပြောင်းရွှေ့ကြေးက ပေါင် (၄၄) သန်းထိ မြင့်တတ်လာနိုင်ပါတယ်။ Goal သတင်းက အသက် (၂၆) နှစ်အရွယ် ဇီယက်ချ်ဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရှိသေးပေမဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သေချာသွားပြီ ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြသွားပါတယ်။

Photo Credit: Goal

လူမှုကွန်ရက်တွစ်တာပေါ်မှာ အေဂျက်အသင်းက “အေဂျက်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဟာကင် ဇီယက်ချ်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိသွားပါပြီ။ ကစားသမားဟာ လာမယ့် (၂၀၂၀)၊ ဇူလိုင်လ (၁) ရက်နေ့မှာ ပရီးမီးယားလိဂ်အသင်းကို ပြောင်းသွားမှာ ဖြစ်ပြီး အေဂျက်အသင်းမှာ ရာသီကုန်ဆုံးမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ပြောင်းရွေ့ကြေး ယူရို သန်း (၄၀) နဲ့ သဘောတူခဲ့ပြီး အခြား အချက်တွေကြောင့် ယူရို (၄) သန်း မြင့်တတ်နိုင်ပါတယ်”လို့ ဖော်ပြသွားတာ ဖြစ်ပါတယ်။