ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ L’Equipe သတင်းနဲ့ အင်တာဗျူး ပြုလုပ်တဲ့ အခါမှာ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ အကြောင်းကို ပြန်ပြောခဲ့ပြီး အွန်နရီက အသင်းရဲ့ အဝတ်လဲခန်းထဲကို ပထမဆုံး ဝင်လာတဲ့ နေ့မှာ မျက်လုံးချင်းမဆိုင်ရဲခဲ့ဘူးလို့ ပြောသွားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အွန်နရီဟာ အာဆင်နယ်အသင်းရဲ့ ဂန္တာဝင် တိုက်စစ်မှူးဟောင်း ဖြစ်ပြီး အာဆင်နယ်အသင်းမှာ (၈) နှစ်ခန့်ကြာ ကစားပြီးတဲ့နောက် (၂၀၀၇) ခုနှစ်က ဇွန်လမှာ ဘာစီလိုနာအသင်းကို ပေါင် (၄.၆) သန်း၊ (၄) နှစ် စာချုပ်နဲ့ အပြီးသတ် ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Marca

အွန်နရီဟာ ဘာစီလိုနာအသင်းကို ရောက်သွားတဲ့ အချိန်မှာ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်လာမယ့် မက်ဆီနဲ့ အတူ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ဘာစီလိုနာအသင်းမှာ (၃) နှစ်ကြာ ကစားခဲ့စဉ်က လာလီဂါ ဆုဖလား (၂) ကြိမ်အထိ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ဆုဖလား (၂) ကြိမ်အထိ ရရှိခဲ့ပြီး (၂၀၀၄) ခုနှစ်မှာ ပရီးမီးယားလိဂ် ရွှေဖလားဆုကို ရရှိခဲ့တာကြောင့် မက်ဆီက အင်္ဂလန်နိုင်ငံမှာ အွန်နရီရဲ့ အောင်မြင်မှု အကြောင်းကို သိခဲ့တယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Marca

မက်ဆီက “အွန်နရီ အဝတ်လဲခန်းကို ပထမဆုံး ဝင်လာတဲ့ နေ့မှာ သူ့ကို မျက်လုံးချင်းဆိုင်ပြီး မကြည့်ရဲခဲ့ဘူး။ သူ အင်္ဂလန်နိုင်ငံမှာ ရရှိခဲ့တဲ့ အောင်မြင်မှု အားလုံးကို ကျွန်တော် သိခဲ့တယ်။ ဒါက ကျွန်တော် အွန်နရီနဲ့ ပက်သက်ပြီး ခံစားရတဲ့ လေးစားမှု ပုံစံပါပဲ။ သူ လုပ်သမျှတိုင်းက လွယ်နေတာကို ကျွန်တော် သဘောကျခဲ့ပါတယ်”လို့ ပြန်လည် ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ အွန်နရီဟာ ဘာစီလိုနာအသင်းမှာ (၃) နှစ်ကြာ ကစားပြီးတဲ့ အချိန်မှာ အမေရိကန် အခြေစိုက် မေဂျာလိဂ် ပြိုင်ပွဲက နယူးယောက် ရက်ဘူးလ်အသင်းကို ပြောင်းခဲ့ပြီး (၂၀၁၁-၁၂) ခုနှစ်မှာ အသင်းဟောင်း အာဆင်နယ်အသင်းကို အငှားနဲ့ လာကစားပြီး အနားယူသွားခဲ့တာ ဖြစ်ပါတယ်။