မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အာဆင်နယ်ကို (၂)ဂိုးပြတ်နဲ့ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဧည့်သည်အသင်းဘက်ကိုရော ပင်နယ်တီကန်ခွင့် ပေးခဲ့ရပြီး တောင်ပံတိုက်စစ်ကစားသမား ပေပေက ဒီပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲကာ အဝေးဂိုးတစ်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Pain it the Arsenal

အိမ်ရှင်ဗီလာရီးယဲလ်အသင်းဟာ သရီဂယ်ရော့စ် အယ်လ်ဘီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပထမပိုင်းအတွင်း ဧည့်သည်အာဆင်နယ်ကို ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့ပေမယ့် (၇၃)မိနစ်အရောက်မှာတော့ အာဆင်နယ်ဘက်ကို ပင်နယ်တီကန်ခွင့် ပေးလိုက်ရပြီး (၂)ဂိုး(၁)ဂိုးနဲ့သာ အနိုင်ရသွားခဲ့ပါတယ်။ ရှုံးပွဲတွေ့ခဲ့ရတဲ့ အာဆင်နယ်ကတော့ ရလဒ်မကောင်းခဲ့ပေမယ့်လည်း အဝေးဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲဆီ တတ်လှမ်းနိုင်ဖို့ မျှော်လင့်ချက်ရှိနေသေးပြီး အခုလို အဝေးဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲစေခဲ့ရတဲ့ ပင်နယ်တီက မပေးခဲ့သင့်ဘူးလို့ ဗီလာရီးယဲလ်နည်းပြ အူနိုင်းအမ်မရီက ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

နည်းပြအမ်မရီက “ပင်နယ်တီက တကယ်ကို မပေးခဲ့သင့်ပါဘူး။ ကျွန်တော်တို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ အလွန်အရေးကြီးတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှား VAR ရဲ့ အမှားတွေကို သင်တို့လည်း မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့တွေ တတိယမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါက အသင်းရဲ့ Game Plan တစ်ခုလည်း ဖြစ်ခဲ့ရတယ်။ နောက်တစ်ကျော့မှာလည်း ဒီလို Plan အတိုင်း ဆက်ကစားသွားမယ်။ ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်းတွေကိုလည်း ထပ်ပြီးပြသပါဦးမယ်။ ဒီနေ့ပွဲမှာက အနိုင်ရယူဖို့အတွက်ကို ဦးတည်ပြီး Game Plan ချထားခဲ့တာ တကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့ကိုပါ ယုံကြည်မှုရှိရှိနဲ့ ဆက်သွားနိုင်ပြီ။ အဲ့ဒီမှာတော့ ကျွန်တော်တို့တွေ ဂိုးတွေထပ်သွင်းယူနိုင်ဖို့ လိုပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မစ္စတာယူရိုပါလိဂ်လို့တောင် တင်စားခံရတဲ့ အမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အတော်လေးကို အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး အခုလည်း ဗိုလ်လုပွဲကို နောက်တစ်ကြိမ် တတ်လှမ်းနိုင်ဖို့ မျှော်လင့်ချက်ရှိနေကာ အသင်းဟောင်း အာဆင်နယ်နဲ့ အမ်းမရိတ်မှာ ပြန်လည်ရင်ဆိုင်ရမယ့် ဒုတိယအကျော့ပွဲမှာ ရလဒ်ကောင်းတွေ ထပ်မံရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။