ပီအက်စ်ဂျီအသင်းရဲ့ပြင်သစ်လူငယ် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူ့ကို ခေါ်ယူချင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားမှာ မဟုတ်သလို ရီးယဲလ်နဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကိုလည်း စဉ်းစားသွားမှာ မဟုတ်ပဲ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရီးယဲလ်အသင်းနဲ့ တွေ့ဆုံနေရခြင်းအပေါ်မှာသာ အာရုံစိုက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

မကြာသေးခင်ကမှ အသက်(၂၃)နှစ်ပြည့်ထားတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းတိုးဖို့ အစီအစဉ် မရှိတော့ပဲ သူ့ကို အလိုရှိဆုံး ဖြစ်နေတဲ့ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့သွားဖို့သာ နီးစပ်နေပါတယ်။ ဒီလို အခြေအနေမှာ ဘာပေရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေရတာဖြစ်လို့ ဘာပေက သူရဲ့ အနာဂတ် အကြောင်းအရာတွေထက် ရီးယဲလ်ကို ချန်ပီယံလိဂ်မှာ အနိုင်ယူ ကျော်ဖြတ်သွားဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Planet Football

ဘာပေက “ဒီအချိန်မှာက ကျွန်တော်ရဲ့ အနာဂတ်အကြောင်းကို ပြောဆိုရမယ့် အချိန်မဟုတ်ပါဘူး။ ကျွန်တော်ရဲ့စိတ်ထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ ချန်ပီယံလိဂ်ပြ်ုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူဖို့ပါပဲ။ ဒီအတွက်လည်း ကျွန်တော်တို့တွေ အဆင်သင့်လည်း ဖြစ်နေသလို ပီအက်စ်ဂျီအသင်းအတွက်လည်း အရာအားလုံး ပေးစွမ်းသွားဖို့ အဆင်သင့်ပါပဲ။ ဒီဇန်နဝါရီလထဲမှာလည်း ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့မှာလည်း မဟုတ်ပါဘူး။ ဒါက ဇန်နဝါရီလမှာ ဖြစ်လာမှာ မဟုတ်ဘူး။ အခု ကျွန်တော် ဒီနေရာမှာပဲ ရှိနေသလို ဒီနေရာမှာပဲ ပျော်ရွှင်နေတယ်။ ဒီနှစ်ဘောလုံးရာသီကို ပီအက်စ်ဂျီ ကစားသမားအဖြစ်နဲ့သာ ကုန်ဆုံးသွားမှာကလည်း ရာနှုန်းပြည့်ကို သေချာပါတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံဆုဖလားတွေ အားလုံး ပိုင်ဆိုင်နိုင်ဖို့အတွက် အရာအားလုံးကို ပေးဆပ်သွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိနေတော့ပြီး အသင်းဘက် သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့်လည်း ဘာပေဘက်က သူရဲ့စာချုပ်ကိစ္စ အနာဂတ်ကိစ္စတွေကို ဦးစားပေး စဉ်းစားနေမှာ မဟုတ်ပဲ အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးဖို့နဲ့ ဒီနှစ်ဘောလုံးရာသီကို အကောင်းဆုံး ဖြတ်သန်းသွားဖို့ကိုပဲ ခေါင်းထဲထည့်ထားတယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။