နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Minက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ ကစားသမားတွေကို လုပ်ခလစာ ပေးချေမှု အများဆုံး ဘောလုံးအသင်း (၁၀)သင်း စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲမှာ ပရိသတ်တွေ မထင်ထားတဲ့ အသင်းတွေ ပါဝင်နေပြီး ဘယ်အသင်းတွေက လုပ်ခလစာ ပေးချေမှု အများဆုံး အသင်းတွေလဲ ဆိုတာ အတူတူ ဖတ်ကြည့်လိုက်ရအောင်ဗျာ။

၁၀။ ဂျူဗင်တပ် (အီတလီ)

စီးရီးအေရဲ့ နံပါတ်(၂) နေရာမှာ ရှိနေတဲ့ ဂျူဗင်တပ်က ကစားသမားတွေကို လုပ်ခလစာ ပေးချေမှု အများဆုံး ၁၀သင်းစာရင်းထဲကို ဝင်ခဲ့ပါတယ်။ ဂျူဗင်တပ်ရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့တဲ့ လုပ်ခလစာကတော့ ယူရို ၂၈၃သန်း ရှိခဲ့ပါတယ်။

၉။ စပါး (အင်္ဂလန်)

ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီးထဲမှာ ပါဝင်တဲ့ စပါးက ရစ်ချာလီဆန် ၊ ဆွန်ဟောင်မင် ၊ ရိုမဲရိုး ၊ မက်ဒီဆန် စတဲ့ ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေနေရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အသင်းကြီးမှာ ကစားသမား ၂၇ဦး ရှိနေတာကြောင့် သူတို့ရဲ့ လုပ်ခလစာ ပေးချေမှုက များပြားနေပါတယ်။ စပါးရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့တဲ့ လုပ်ခလစာက ယူရို ၂၈၉သန်း ရှိခဲ့ပါတယ်။

Photo Credit: Champions League

၈။ မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်)

ယူနိုက်တက်လို ကြယ်ပွင့် ကစားသမား အများအပြား ပိုင်ဆိုင်ထားတဲ့ အသင်းက ဒီစာရင်းရဲ့ နံပါတ်၈ နေရာမှာသာ ရှိနေခဲ့တာက အတော်လေးကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ ယူနိုက်တက်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ ကစားသမားတွေကို စုစုပေါင်း ယူရို ၃၈၁သန်း ပေးချေခဲ့ရပါတယ်။

၇။ ချယ်လ်ဆီး (အင်္ဂလန်)

ပြီးခဲ့တဲ့ နွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ချယ်လ်ဆီးက လုပ်ခလစာ ပေးချေမှု အများဆုံး ဘောလုံးအသင်းတွေထဲမှာ ပါဝင်လာက ဆန်းတော့ မဆန်းပါဘူး။ ချယ်လ်ဆီးရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့တဲ့ လုပ်ခလစာက ယူရို ၃၉၇သန်း ရှိခဲ့ပါတယ်။

၆။ ဘိုင်ယန်မြူးနစ် (ဂျာမဏီ)

ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကတော့ ဂျာမဏီဘောလုံးလောကမှာ လုပ်ခလစာ ပေးချေမှု အများဆုံးအသင်းပါ။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်လိုက်ရင် ဘိုင်ယန်မြူးနစ်က အဆင့်(၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ ကစားသမားတွေကို စုစုပေါင်း ယူရို ၄၁၆သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Sky Sports

၅။ လီဗာပူး (အင်္ဂလန်)

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးကတော့ ကမ္ဘာပေါ်မှာ ပဥ္စမမြောက် လုပ်ခလစာ ပေးချေမှု အများဆုံးအသင်းပဲ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့ရတဲ့ လုပ်ခလစာက ယူရို ၄၂၉သန်း ရှိခဲ့ပါတယ်။

၄။ ရီးရဲလ်မက်ဒရစ် (စပိန်)

လက်ရှိ စပိန်ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်က ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လုပ်ခလစာ ပေးချေမှု အများဆုံးအသင်းပါ။ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ ကစားသမားတွေကို စုစုပေါင်း ယူရို ၄၅၃သန်း အထိ ပေးချေခဲ့ရပါတယ်။

၃။ မန်ချက်စတာ စီးတီး (အင်္ဂလန်)

အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ စီးတီးကတော့ ဟာလန်း ၊ ဒီဘရိုင်း ၊ ရိုဒရီတို့လို ကမ္ဘာ့အဆင့် ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတာကြောင့် သူတို့ရဲ့ လုပ်ခလစာ ပေးချေမှုနှုန်းကလည်း မြင့်မားပါတယ်။ မန်ချက်စတာ စီးတီးရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့ရတဲ့ လုပ်ခလစာက ယူရို ၅၅၄သန်း ရှိခဲ့ပါတယ်။

Photo Credit: Tribuna

၂။ ပီအက်စ်ဂျီ (ပြင်သစ်)

အသင်းခေါင်းဆောင် အမ်ဘာပေကို နင့်နေအောင် ပေးထားရတဲ့ ပီအက်စ်ဂျီက ကမ္ဘာပေါ်မှာ ဒုတိယမြောက် လုပ်ခလစာ ပေးချေမှု အများဆုံးအသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက ၂၀၂၃ခုနှစ် အတွင်းမှာ ကစားသမားတွေကို စုစုပေါင်း ယူရို ၆၁၇သန်း အထိ ပေးခဲ့ရပါတယ်။

၁။ ဘာစီလိုနာ (စပိန်)

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရတဲ့ ဘာစီလိုနာက မထင်မှတ်ထားပဲ ကမ္ဘာပေါ်မှာ လုပ်ခလစာ ပေးချေမှု အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘာစီလိုနာက ကိုဗစ်ကာလ ပြီးဆုံးရင် ကစားသမားတွေကို လုပ်ခလစာ တိုးမြှင့်ပေးပါမယ် ဆိုတဲ့ ကတိစကား တခုကြောင့် အခုလိုမျိုး မြင့်မားတဲ့ လုပ်ခလစာတွေကို ပေးချေခဲ့ရတာပါ။ ဘာစီလိုနာရဲ့ ၂၀၂၃ခုနှစ် အတွင်း ကစားသမားတွေကို ပေးချေခဲ့ရတဲ့ လုပ်ခလစာက ယူရို ၆၃၉သန်း အထိ ရှိခဲ့ပါတယ်။