ဥရောပ တစ်လွှားမှာရှိတဲ့ လူငယ် ကစားသမားတွေထဲက ခြေစွမ်းအကောင်းဆုံး လူငယ် ကစားသမားကို တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားအဖြစ် သတ်မှတ်ကာ ပေးအပ်ချီးမြှင့်တဲ့ Golden Boy Award အတွက် စကာတင် လူငယ် ကစားသမား အယောက် ၁၀၀ စာရင်းကတော့ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အဆိုပါ ကစားသမားတွေထဲမှာ ဟာလန်း ၊ ဆန်ချို ၊ ရိုဒရီဂို ၊ ကာမာဗင်ဂါ ၊ ဆာလီဘာ စတဲ့ အသင်းကြီးတွေရဲ့ ကြားမှာ နာမည်ကြီးတဲ့ ကစားသမားတွေ ပါဝင်လာခဲ့သလို ရိုမေးနီးယန်း ဂိုးသမား အိုနက်ရက်စ်လို လူသိပ်မသိတဲ့ ကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က Golden Bot Award ရဲ့ စကာတင် အယောက်၁၀၀ စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေထဲကနေ တန်ကြေးအမြင့်ဆုံး ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ တန်ကြေးအမြင့်ဆုံး အသက်၂၁နှစ်အောက် လူငယ် အသင်းအကြောင်းကို တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အသက်၂၁နှစ် အောက် လူငယ်အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေ အားလုံးဟာ Golden Boy Award ရဲ့ စကာတင် အယောက်၁၀၀စာရင်းမှာ ပါဝင် ခဲ့ကြတဲ့ ကစားသမားတွေချည်း ဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲကမှ သင့်တော်တဲ့ ကစားပုံတစ်ခု ချခဲ့ပြီး နေရာအလိုက် တန်ကြေး မြင့်မားတဲ့ ကစားသမားတွေကို အဆိုပါ ကစားကွက်ထဲမှာ ထည့်သွင်းခဲ့ကြတာပါ။ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး လူငယ်အသင်းရဲ့ ကစားကွက်ဟာ ၄-၄-၂ ကစားကွက်ဖြစ်ပြီး ဂိုးသမားနေရာမှာ တော့ ယူရို၁၇၉၀၀၀ တန်ကြေးရှိတဲ့ ရိုမေးနီးယား လူငယ် ဂိုးသမားလေး အိုနက်စ်ရက်စ်က ပါဝင်လာပါတယ်။ ခံစစ်မှူး လေးဦးစာရင်းမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အယ်ဖွန်ဆို ဒေးဗီးစ် ၊ ရှော်ကေးအသင်းရဲ့ ကာဘက် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ ဆာလီဘာ ၊ နောဝှစ်အသင်းရဲ့ အာရွန်တို့ ပါဝင်ခဲ့ကြပြီး သူတို့လေးဦးရဲ့ စုစုပေါင်း တန်ကြေးဟာ ယူရို ၁၂၃.၅သန်းအထိ ရှိနေပါတယ်။

Photo Credit: Daily Mail

ကွင်းလယ်အထိုင် နေရာမှာတော့ ဘရက်စီယာအသင်းရဲ့ တက်သစ်စ လူငယ် ကွင်းလယ် ကစားသမား တိုနယ်လီနဲ့ ရန်းနက်စ်အသင်းရဲ့ ကာမာဗင်ဂါတို့က ရှိနေပြီး ညာတောင်ပံမှာတော့ ဒေါ့မွန်အသင်းရဲ့ ဆန်ချို ဘယ်တောင်ပံမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရိုဒရီဂို တို့ ရှိကာ ကွင်းလယ်ရဲ့ တန်ကြေးကတော့ ယူရို ၂၃၁သန်းအထိ ရှိနေပါတယ်။ တိုက်စစ်မြှားဦး နေရာမှာတော့ ဒေါ့မွန်အသင်းရဲ့ ဟာလန်းနဲ့ မန်ယူအသင်းရဲ့ ဂရင်းဝုဒ်တို့က ရှိနေကြပြီး သူတို့နှစ်ဦးပေါင်းရဲ့ တန်ကြေးဟာ ယူရို ၁၀၁ သန်းအထိ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ လူငယ် အသင်းရဲ့ စုစုပေါင်း တန်ကြေးကို တွက်ချက် ကြည့်မယ်ဆိုရင် ၄၅၅.၇သန်းအထိ ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီအသင်းဟာ ၂၀၂၀ခုနှစ်အတွက် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး လူငယ်အသင်းဆိုတာကို ယုံမှားသံသယ ရှိစရာ မလိုတော့ပါဘူး။